ရခိုင်တွင် နှစ်လအတွင်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် ၅ ခုထိရှိလာ

ရခိုင်တွင် နှစ်လအတွင်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် ၅ ခုထိရှိလာ
သရုပ်ဖော်ပုံ - Gulf Today
သရုပ်ဖော်ပုံ - Gulf Today

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ လိပ်မကျေးရွာတွင် မွေးရာပါ စိတ်ဝေဒနာခံစားနေရသည့် အသက် ၂၂ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရမှု ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၃၀ ရက်၊ နေ့လည် ၁၁ နာရီခန့်က မိန်းကလေးငယ်မှာ ကျေးရွာရှိ အသက် ၆၆ နှစ်အရွယ် ဦးနီလှမောင်နေအိမ်တွင် ရှိနေစဉ် အဆိုပါအမျိုးသားက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျုးလွန်ခံရသူ၏ မိသားစုဝင်များမှာ ရှက်ကြောက်၍ တစ်စုံတစ်ရာ တိုင်းကြားမှု မပြုလုပ်ဘဲ တိတ်ဆိတ်နေခဲ့ကြောင်း သိရသည်။ သို့သော် အောက်တိုဘာလ ၁၆ ရက်နေ့တွင် တရားမျှတမှု ရရှိရန် အတွက် မိသားစုဝင်များက တိုင်ကြားလာသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြာပန်းက ပြောသည်။

“ကောင်မလေးက အဲဒီအိမ်ကို အမြဲသွားလေ့ရှိတယ်။ ကောင်မလေး အမေနဲ့ ကျူးလွန်သူဇနီးဟာ အဲနေ့က အပြင်မှာ ဟင်းရှာဖို့သွားတယ်။ အိမ်မှာလူမရှိတော့ အဲဒီကောင်မလေးကို ပြုကျင့်တာ။ ရွာက တခြား တစ် ယောက်က အဲဒီအိမ်ကို ကိစ္စတစ်ခုနဲ့သွားချိန်မှာ အဓမ္မပြုကျင့်နေတာကိုတွေ့တာ” ဟု ဦးကြာပန်းက ဆက် ပြော သည်။

အဓမ္မပြုကျင့်ခံရသူ၏ မိန်းကလေးငယ်၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက “သူက ကလေးတွေကို သိပ်ချစ် တတ်တယ်။ ဒါကြောင့် အဲဒီအိမ်ကိုသွားပြီး သူ့အိမ်က မြေးလေးနဲ့အတူတူ ဆော့တာ။ အဲဒါကိုလုပ်ရက်တယ်။  အဲဒီနေ့က အပြင်ကိုခဏသွားချိန် အတွင်းမှာဖြစ်သွားတာ” ဟု သူကပြောသည်။

ကျုးလွန်သူဟု စွပ်စွဲခံထားရသည့် ဦးနီလှမောင်ကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ ခေါ်ယူစစ်ဆေးရာတွင် ၎င်း ကိုယ် တိုင်က ကျုးလွန်ကြောင်း ဝန်ခံထားကြောင်း ဦးကြာပန်းက ပြောသည်။ လက်ရှိတွင် ကျုးလွန်သူအမျိုးသားကို အာရက္ခပြည်သူ့အစိုးရ (ULA) ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ကျုးလွန်ခံရသည့် မိန်းကလေးငယ်မှာ ထိခိုက်နစ်နာမှုများရှိသဖြင့် တရားမျှတစွာဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုနေကြသည်။

ရခိုင်ပြည်တွင် ယခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီး ကျူးလွန်သူများမှာ ကလေးနှင့် ဆွေမျိုးတော်စပ်သူများ၊ အိမ်သို့ အဝင်အထွက်ရှိသူများ ဖြစ်နေသည်ကို တွေ့ရသည်။

ရခိုင်တွင် ယခု အောက်တိုဘာလနှင့် စက်တင်ဘာလ နှစ်လအတွင်း အဓမ္မပြုကျင့်ခံရမှုဖြစ်စဉ် ၅ ခု ထိရှိလာ သည်။ ထိုသို့ဖြစ်ပွားမှုများမှာ ပေါက်တောတွင် ၂ မှု၊ မြောက်ဦးတွင် ၁ မှု၊ ဘူးသီးတောင်တွင် ၁ မှု၊ ကျောက်တော် တွင် ၁ မှုတို့ဖြစ်သည်။ အဆိုပါ အဓမ္မပြုကျင့်ခံရမှုများမှာ လူသိရှင်ကြား ဖြစ်စဉ်များသာ ဖြစ်ပြီး မြေပြင်တွင် ယခုထက်ပို၍ သိနိုင်ကြောင်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောဆိုကြသည်။

အောက်တိုဘာလ ၆ ရက်နေ့က ပေါက်တောမြို့နယ်၊ သရက်ချောင်းကျေးရွာတွင် အသက် ၃ နှစ်အရွယ် မိန်းက လေးငယ်တစ်ဦးကို အိမ်နီးနားချင်းတစ်ဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့သည်။ ထို့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ သရီချိုင်ကျေးရွာတွင် အသက် ၂၈ နှစ်အရွယ် မသန်စွမ်း အမျိုးသမီး တစ်ဦး အဓမ္မပြုကျင့်ခံရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၉ ရက်က မြောက်ဦးမြို့ပေါ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံခဲ့ရပြီး စက်တင်ဘာလ ၄ နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ တပ်ရာကျေးရွာမှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရသည်။

ယခုကာလအတွင်း အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အဓမ္မကျူးလွန်ခံရမှုများကို ဆက်တိုက် တွေ့ လာရသဖြင့် ကျူးလွန်သူများကို သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ထိရောက်သောပြစ်ဒဏ်များ ချမှတ်ကာ အရေးယူသင့်ကြောင်း ပြောဆိုနေကြသည်။

ဦးကြာပန်းက “ဒီလို အဓမ္မပြုကျင်ခံရမှု ဖြစ်စဉ်တွေက တစ်ဦးမှ လက်မခံနိုင်တဲ့ ကိစ္စမျိုးဖြစ်တယ်။ အခုဆိုရင် ကျေးရွာတွေမှာ ဒီလိုအဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်တွေက အများကြီးကြားလာရတယ်။ ဒါကြောင့် အာဏာပိုင် တွေအနေနဲ့  ဒီလို အမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်တယ်” ဟု လိပ်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ပြောသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အသက် ၁၂ အောက် အမျိုးသမီးအပေါ် အဓမ္မကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ အများဆုံး ထောင်ဒဏ် တသက်တကျွန်းထိ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...