လိုင်စင်မဲ့ကား ၁၉ စီးကို စစ်တပ်က ဖမ်းဆီးထားတဲ့အပြင် ကားပိုင်ရှင်တွေကိုလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေ

လိုင်စင်မဲ့ကား ၁၉ စီးကို စစ်တပ်က ဖမ်းဆီးထားတဲ့အပြင် ကားပိုင်ရှင်တွေကိုလည်း တရားစွဲဆိုဖို့ ပြင်ဆင်နေ
၂၀၂၁ ခုနှစ်မှာတွေ့ရတဲ့ မိုးကောင်းမြို့တွင်းတစ်နေရာ (ပုံဟောင်း)
၂၀၂၁ ခုနှစ်မှာတွေ့ရတဲ့ မိုးကောင်းမြို့တွင်းတစ်နေရာ (ပုံဟောင်း)

ကချင်ပြည်နယ် မိုးကောင်းမြို့နဲ့နမ္မတီးမြို့မှာ စစ်ကောင်စီတပ်က လိုင်စင်အကြောင်းပြပြီး အိမ်စီးကား ၁၉ စီးကို ဖမ်းဆီးသွားတဲ့အပြင် ကားပိုင်ရှင်တွေကိုလည်း တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ မိုးကောင်းဒေသခံတွေဆီကနေ သိရပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မိုးကောင်းမြို့အခြေစိုက် စကခ ၃ က စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွင်းမှာ လုံခြုံရေးတင်းကြပ်ပြီး အိမ်စီးကားအစီးရေ ၁၉ စီးကို ဖမ်းဆီးသွားတာ ဖြစ် တယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောပါတယ်။

“ခုကားပိုင်ရှင်တွေလည်း အားလုံးအချုပ်မှာ ဖမ်းထားတယ်။ ကားကတော့ မပေးတော့ဘူး အပိုင်သိမ်းလိုက်ပြီလို့ သိရတယ်” လို့ ပြောပါတယ်။

လက်ရှိဖမ်းဆီးထားတဲ့ ကားအစီးရေ ၁၉ စီးကို မိုးကောင်းရဲစခန်းမှာသိမ်းယူထားပြီး ကားပိုင်ရှင်တွေကိုလည်း ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ စစ်တပ်က အဓိကထားပြီး ဖမ်းဆီးခဲ့တဲ့နေရာတွေဟာ မိုးကောင်းမြို့ အဝင် အထွက် နေရာတွေအပြင် သုံးမိုင်ကွေ့၊ မရန်ကထောင်၊ မိုးကောင်းတံတား အဆင်း၊ နမ္မတီးကျောက်တောင်၊ မြတောင်ဘုန်းကြီးကျောင်းရှေ့ စတဲ့နေရာတွေမှာ အဓိကဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့နဲ့ နမ္မတီးမြို့တွေမှာ ဩဂုတ်လနောက်ပိုင်း လမ်းသွားလမ်းလာ အရပ်သား တွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာကား၊ ဆိုင်ကယ်တွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ရှိပေမယ့် ဒီတစ်ခေါက် ဖမ်းဆီးသွားတဲ့ ကားအစီးရေဟာ အများဆုံးဖြစ်ပြီး ကားပိုင်ရှင်တွေကို တရားစွဲဆိုတာကလည်း ပထမဆုံး အကြိမ် ဖြစ်တယ်လို့ နောက်ထပ် မိုးကောင်းဒေသခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

“ဟုတ် မိုးကောင်းမြို့ထဲမှာ ပြီးခဲ့တဲ့ရက်တွေကတော့ တစ်ခါတစ်လေ မြို့တွင်းတချို့နေရာတွေမှာ ကား၊ ဆိုင် ကယ်တွေ ဖမ်းရင်လည်း ပြန်လွတ်ပေးတာရှိတယ်။ ဒါပေမယ့် ခုတစ်ခေါက်ဖမ်းတာကတော့ ဆိုင်ကယ်က အဲနေ့ တချို့ ဒဏ်ငွေပေးဆောင်ပြီး လွတ်တယ်လို့ကြားရတယ်။ ကားအဖွဲ့ကတော့ အခုထိ မလွတ်ပေးဘူး” လို့ ပြောပါ တယ်။

စစ်ကောင်စီတပ်တွေဟာ လက်ရှိမှာတော့ မိုးကောင်းမြို့ အဝင်အထွက်၊ မိုးကောင်း အထက ၁ နဲ့  ၂၊ လေးမိုင် လမ်းဆုံ၊ မိုးကောင်းရဲစခန်း၊ ဘူတာရုံအပြင် လမ်းဆုံ၊ စကခကုန်းအောက်က သစ်ကြားတောင်၊ ဆမ်ပါလီရွာ လမ်းဆုံ၊ နမ္မတီးမြို့မှာဆိုရင် မြတောင်ဘုန်းကြီးကျောင်း၊ ကံလှတံတားအောက်၊ နမ္မတီး လမ်းခွ၊ လမ်းဆုံ၊ နမ္မတီး ကျောက်တောင်၊ မိုးကောင်း ရဲစခန်း၊ နမ္မတီးအထိုင်ချပြီး စစ်ရေးလှုပ်ရှားနေတယ်လို့လည်း ဆိုကြပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...