ပုလဲ စစ်ရှောင်များအတွက် အကူအညီများ လိုအပ်

ပုလဲ စစ်ရှောင်များအတွက် အကူအညီများ လိုအပ်

စစ်ဒဏ်ခံနေရသည့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ နယ်ထဲက ဒေသခံပြည် သူ ၅ သောင်းခန့်အတွက် ကျန်းမာရေး စောင့် ရှောက်မှုနှင့် ဆေးဝါးများ အဓိက လိုအပ်နေ သည်ဟု ကူညီပေးနေသူများက ပြောသည်။

ပုလဲမြို့နယ်တွင် အောက်တိုဘာလ ပထမပတ်က စစ်ကောင်စီတပ် စစ်ကြောင်းထိုးစစ်ဆင်လာမှုကြောင့် ထွက် ပြေးတိမ်းရှောင်လာရသည့် ဒေသခံပြည်သူများအတွက် အရေးပေါ် အကူအညီများအပြင် ကျန်းမာရေးစောင့် ရှောက်မှုနှင့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်း ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူ ကိုတိုးဝေအောင်ကပြောသည်။

“စစ်ရှောက်ရတာ ရက်ရှည်လာတော့ နေမကောင်းတာ ကျန်းမာရေး လူကြီးတွေ ဖြစ်လာပြီဆိုရင် အဲ့ဒါ အဲဒီစစ် ရှောင်စခန်းဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောင့်မှု ဆေးဝါးကအစ လိုတာပေါ့။ အစားအသောက်က ပြည်သူက ပြည်သူ အချင်းချင်း ပြန်ပြီးကြိုးစားပြီး ရုန်းကန်လို့ရပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုကတော့ ဒီတိုင်းသာ စစ်ကြောင်းက မထွက်သေးဘူး ထပ်လည်းထိုးနေအုံးမယ် ဆိုရင်တော့ ခက်ခဲလာမယ်။ ကလေးတွေနဲ့ သက်ကြီး ရွယ်အိုတွေ အတွက်ဆို ပိုဆိုးတာပေါ့၊ မိုးတွင်းကာလ ဖြစ်တဲ့အတွက်ကြောင့်လည်း ရာသီအဖျားတွေ ဖျားတာ တွေ ရှိတယ်။ အခုတော့ ဖြစ်သလိုပေါ့ ရှိတာနဲ့ ဝိုင်းကုပေးနေတာ။ အဲ့လိုအနေအထား” ဟု ပြောသည်။

စစ်ရှောင်ပြည်သူများ လိုအပ်နေသည့် စားဝတ်နေရေးအတွက်လည်း ကြိုးစားပြီး ဖြေရှင်းနိုင်သော်လည်း ဆေး ဝါးနှင့် ကျန်းမာရေးအတွက် လိုအပ်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ထောက်ပံ့မှု အလုံ အလောက် မရရှိသလို မိုးတွင်းကာလ မြွေဆိုးကိုက်ခြင်း အန္တရာယ်များလည်း ကြုံနေရသည်ဟု ကိုတိုးဝေအောင်က ဆက် ပြောသည်။

“လက်ခံပြီးတော့ ကျွေးမွေးနေတဲ့ လူတွေမှာလည်း စားနပ်ရိက္ခာ ခက်ခဲလာတာ။ ခက်ခဲလာတော့ အဲ့ခက်ခဲမှုက လိုက်အလှူခံပြီးတော့ ဖြေရှင်းရတာ။ ကြိုးစားပြီးတော့ ရသေးတယ်။ အခု ဘာတွေဖြစ်နေလည်း ဆိုရင် အခု ကာ လ မြွေအရမ်းပေါတယ်။ ဒီကာလမှ မြွေကိုက်ခံရတယ်။ စစ်ရှောင်တဲ့သူတော့ မဖြစ်သေးဘူး။ မြွေကိုက်ခံရ နှုန်း အရမ်း များတယ်။ စစ်ရှောင်စခန်းတွေမှာ ကျန်းမာရေးတစ်ခုခု ဖြစ်ပြီးဆိုရင်တော့ ကျန်းမာရေး စောင့် ရှောက်မှု နေရာတွေဆီ ရောက်အောင်သွားဖို့၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောင်မှုတော့ ရှိတယ်။ ဒီ NUG နဲ့ ချိတ် ဆက်ပြီး MOD (ကာကွယ်ရေး) နဲ့ ချိတ်ဆက်လုပ်တာ။”

ထိုသို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် ချိတ်ဆက်လုပ်ဆောင်နေသော်လည်း မြေပြင် အခြေအနေအရ လူအင်အား၊ ဆေးဝါးများ မရှိသောကြောင့် စစ်ကြောင်းထိုးမှု၊ စစ်ရေးတင်းမာမှု အခြေအနေများ အချိန်ကြန့် ကြာမှု အပေါ်မူတည်၍ ပိုမိုခက်ခဲလာနိုင်သည်ဟု ပြောသည်။

“အဲ့ဒါတွေကလည်း အင်းအား အလုံအလောက် မရှိတဲ့အတွက် နာတာဖျားတာတွေ ဖြစ်ပြီးဆိုရင်တော့ စစ်ရှောင် နေရတဲ့ ရွာမှရှိတဲ့ ဆရာမတွေနဲ့ ဖြစ်သလို ကုရတာပေါ့။ ရေရှည်လာခဲ့ရင်တော့ ကျန်းမာရေး စောင့်ရှောက်မှုက တော့ ဒီထက်မက ခက်ခဲလာနိုင်တယ်” ဟု ကိုတိုးဝေအောင်က ပြောသည်။

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်း နှစ်ကြောင်း တစ်ပြိုင်နက် စစ်ကြောင်းထိုးစစ်ဆင်လာမှုကြောင့် ကျေးရွာ ၁၅ ရွာ ထွက်ပြေးနေရပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ကျေးရွာအချို့ပါ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက “စစ်ကြောင်းက ပုလဲနယ်ထဲကို ပုလဲမြို့နယ်မြောက်ခြမ်းကို စစ် ကြောင်း ထိုးထားတယ်။ စစ်ကြောင်းနှစ်ကြောင်းခွဲထားတယ်။ စစ်ကြောင်းရွှေ့ရင် ရွှေ့သလို စစ်ကြောင်းနှစ်ခုက ပြိုင်ထွက်ပြီးတော့မှ တောက်လျှောက် စစ်ကြောင်းထိုးနေတာပေါ့။ စစ်ကြောင်းထိုးတဲ့ တလျှောက် ရွာတွေက စစ်ဘေးရှောင်နေရတာပေါ့။ ခန့်မှန်းခြေ ၅ သောင်းဝန်းကျင်‌လောက် စစ်ဘေးရှောင်နေတယ်လို့ပြောလို့ရတယ်။ ပုလဲတောင်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာလည်း ရှိနေတာပေါ့။ မြောက်ခြမ်း တောင်ခြမ်းကော ရှောင်နေရတာ၊ ရွာကတော့ ၁၅ ရွာဝန်းကျင်လောက် ရှောင်ရတယ်။ ရှောင်နေရတာက ဒီစစ်ကြောင်းက ပုလဲမြို့ ပေါ် ရောက်ပြီးဆိုတာနဲ့ ရှောင်နေရတယ်” ဟု ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် ဘုန်းကြီးများပင် စစ်ဘေးရှောင်ထွက်ပြေးနေရသည်။ စစ်ကောင်စီ စစ်ကြောင်း ထိုးခဲ့သည့် ကျေးရွာများမှာ မြကုန်း၊ ကုက္ကို ကုန်း၊ လက်ပုကန်၊ နှောကန်၊ မင်းတိုင်ပင်၊ လက်တောင်းကြီး၊ စေတီ ယုံ၊ သေတ္တရာ၊ ဆင်ရှင်၊ ခေါ်သန္တီ၊ သီတင်း နှင့် မုံသွင်ကျေးရွာတို့ဖြစ်ကြသည်။

အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများသည် စစ်ကြောင်းထိုးလာပါက ကျေးရွာများ အသီးသီးမှ ဘေးလွတ်ရာ သို့ တိမ်းရှောင်ကြရပြီး စစ်ကြောင်းများ ပြန်ထွက်သွားပါက ရွာထဲ ပြန်လည် နေထိုင်ကြရသည်။ သို့သော် အချို့ သာ ၎င်းတို့၏ နေရပ်ကျေးရွာတွင် ပြန်လည်နေထိုင်ကြသောလည်း အများစုမှ သတ်မှတ်ထားသည့် စစ်ရှောင် နေရာများတွင် နေကြသည်။

ပုလဲမြို့နယ်ထဲတွင် ပျူစောထီးရွာများဖြင့် နီးစပ်သည့် ကျေးရွာများတွင် နေထိုင်ကြသော ပြည်သူများသည် ၎င်း တို့၏ ရွာများမှ စွန့်ခွာ ထွက်ပြေးနေရပြီး အမြဲတမ်း စစ်ဘေးရှောင်နေရာ ၄ နေရာ ရှိရာ ချောင်းဦးကျေးရွာသည် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ၃ ကြိမ်ခံထားရသည်ဟု ဒေသခံများနှင့် စစ်ရှောင်များကို ကူညီပေးနေသူ များက ပြောသည်။

October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...