ဒို့တာဝန်အရေးသုံးပါး မထိခိုက်ရင် တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင်ပြော

ဒို့တာဝန်အရေးသုံးပါး မထိခိုက်ရင် တွေ့ဆုံဆွေးနွေးမယ်လို့ စစ်ခေါင်းဆောင်ပြော
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

ဒို့တာဝန်အရေးသုံးပါးနဲ့ ပါတီစုံဒီမိုကရေစီနစ်လျှောက်လှမ်းမှုကို ထိခိုက်မှုမရှိရင် တွေ့ဆုံဆွေးနွေးမှုတွေ ဆောင် ရွက်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ NCA ၈ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ အပစ်ရပ် ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်ခံတွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။

အဲဒီတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင်က NCA စာချုပ်လက်မှတ်ရေးထိုးမှု၊ မြန်မာစစ်တပ်ရဲ့ NCA လမ်း ကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေတွေအပြင် ဒို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီကို ထိခိုက်မှုမရှိရင် တွေ့ဆုံဆွေးနွေး သွားမယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဘယ်အဖွဲ့အစည်းကို ရည်ညွန်းပြီး တွေ့ဆုံဆွေးနွေးသွားမယ်ဆိုတာကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။

ဒို့တာဝန်အရေးသုံးပါးဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ နိုင်ငံလမ်းစဉ်မူဝါဒလည်း ဖြစ်ပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက KNU ကြေညာထားတဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို စစ်ကောင်စီဘက်က မလိုက်နာဘဲနဲ့ တွေ့ ဆုံဆွေးနွေးဖို့ လုံးဝ မစဉ်းစားဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အကြမ်းဖက်စစ်တပ်ဟာ တပ်မတော်နဲ့ လုံးဝမထိုက်တန်ဘူးဆိုတာ ပြောချင်တယ်။ ဒီကနေ့ အကြမ်းဖက် စစ် တပ်ရဲ့ လုပ်ရပ်တွေက ဒီမိုကရေစီပါတီစုံစနစ်နဲ့ လုံးဝမထိုက်တန်သလို ဖက်ဒရယ်သွားမယ့် ခရီးလမ်းနဲ့လည်း ဆန့်ကျင်ဘက် အကုန်လုံးလျှောက်လုပ်နေတဲ့အပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက် ပြီးတော့ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ရည်မှန်းချက်တွေ၊ ရပ်တည်ချက်တွေ ဖော်ပြပြီးသားမို့ အဲဒီ အချက်အလက်တွေ လုံးဝမလိုက်နာဘဲနဲ့ ကျွန်တော်တို့ လုံးဝမစဉ်းစားဘူးလို့ပဲ ပြောပါရစေ” လို့ သူက ပြော ပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက KNU အပါအဝင် တော်လှန်ရေးမှာ ပါဝင်နေတဲ့ အပစ်ရပ်ထိုး CNF နဲ့ ABSDF တို့က အာဏာသိမ်း စစ်တပ်အနေနဲ့ နိုင်ငံရေးကမထွက်မချင်း တွေ့ဆုံဆွေးနွေးဖို့ မရှိဘူးဆိုတဲ့ ဘုံနိုင်ငံရေး ရပ်တည် ချက်တွေကို ပူးတွဲထုတ်ပြန်ထားတာပါ။

အရပ်သားပြည်သူတွေ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် NCA စာချုပ် ပျက်ပြယ်မှုကို ပိုမိုခိုင်မာစေပြီး စစ်တပ်ကငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာခြင်း နည်းလမ်းကို စွန့်လွှတ်လိုက် ကြောင်း ပေါ်လွင်စေတယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းပြည်ကောင်းစေဖို့ သက်ဆိုင်သူအားလုံးက တူညီတဲ့ဆန္ဒတွေနဲ့ လုပ်ဆောင်ဖို့ လို အပ်သလို တိုင်းပြည်တည်ငြိမ်ရေးနဲ့ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားဖို့ ပြောဆိုခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်တာဖြစ်စေ၊ မထိ ခိုက်တာဖြစ်စေ ဆွေးနွေးရမယ့်တာဝန်ရှိပြီး အခုပြောဆိုမှုဟာ မဆွေးနွေးဘူးဆိုတဲ့ ပြောခြင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်ဖြစ်စေ ဒါကသူ့ (စစ်ကောင်စီ)အနေနဲ့ ဆွေးနွေး ရမယ့် တာဝန်ရှိတယ်။ မထိခိုက်အောင် ဆွေးနွေးကြပေါ့။ ဒါကလုပ်လို့မရဘူးဆို မရဘူးပေါ့။ အဲဒီလို ပြောဖို့ပဲ ရှိတယ်။ ကြိုပြီးတော့ ဒါတွေကိုထိခိုက်ရင် မဆွေးနွေးနိုင်ဘူးဆိုရင် အဲဒီကိစ္စနဲ့လည်း အဓိပ္ပာယ်ဖွင့်ဆိုချက်က မရှိ ဘူးဆိုတော့ ဒါကမဆွေးနွေးနိုင်ဘူးဆိုတဲ့ ပြောခြင်းနဲ့အတူတူပဲ။ အဲ့ဒါကြောင့် ဒီနေ့ဖြစ်နေတဲ့ကိစ္စက ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိစ္စ။ ဒါတွေအတွက် ဘယ်အဖွဲ့အစည်းကပြောပြော ဘယ်အဖွဲ့အစည်းအနဲ့ ဆွေးနွေးဆွေးနွေး ဒါသူ တို့ဘက်က နားထောင်ပြီး ပြန်ပြီးအဖြေရှာရမယ့် အခြေအနေမျိုးဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံ့အာဏာကို အဓမ္မသိမ်းယူပြီးချိန်ကစပြီး ဒီကနေ့အချိန်ထိ စစ်တပ်ကိုဆန့်ကျင်ကြတဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေနဲ့အတူ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်းများစွာကို ကျူး လွန်နေတာဖြစ်ပါတယ်။

တစ်ဖက်မှာတော့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို နိုင်ငံအနှံ့နီးပါး သာလွန်အင်အားနဲ့ တိုက်ခိုက်ကာ စစ်ရေးတိုးချဲ့ လှုပ်ရှား မှုတွေကို လုပ်နေပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ တွေ့ဆုံညိုနှိုင်းရေး ဆွေးနွေးပွဲတွေဆီ အရောက်လှမ်းခဲ့ ကြပါလို့ NCA အခမ်းအနားမှာ ဖိတ်ခေါ်ထားထာ ဖြစ်ပါတယ်။

Most read this week

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...