KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး KIA အဆင့်မြင့်အရာရှိအချို့ သေဆုံး

KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါနေရာ လေကြောင်းတိုက်ခိုက်ခံရပြီး KIA အဆင့်မြင့်အရာရှိအချို့ သေဆုံး
စစ်ကောင်စီတပ်တွေ စစ်ရေးလေ့ကျင့်ချိန်မြင်တွေ့ရတဲ့ ဂျက်လေယာဉ်
စစ်ကောင်စီတပ်တွေ စစ်ရေးလေ့ကျင့်ချိန်မြင်တွေ့ရတဲ့ ဂျက်လေယာဉ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၉ ဌာနချုပ် နဲ့ အနန့်ပါ (ANang Pa) နေရာတွေကို စစ်ကောင်စီ၏ ဂျက်လေယာဉ်နဲ့ တိုက်ခိုက်ခံရမှုထဲ KIA အဆင့်မြင့်အရာရှိ တချို့ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အောက်တိုဘာ ၁၆ ရက်၊ မွန်းလွဲပိုင်း ၄ နာရီခွဲ အချိန်လောက်မှာ စစ်ကောင်စီတပ်က မြစ်ကြီးနား လေတပ် စခန်း ကနေ KIA တပ်မဟာ ၉ နေရာဘက်ကို ဂျက်ဖိုက်တာ ၃ စီး နဲ့ ၅ ကြိမ်လောက် ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ တစ်ဆက် တည်းမှာပဲ ကံဆီး (Ginsi) စစ်တပ်ကုန်းကနေလည်း အနန့်ပါဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ KIA နဲ့ နီးစပ်သူတွေက ပြောပါတယ်။

KIA နဲ့ နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက “တပ်မဟာ ၉ စခန်းနေရာ နဲ့ အနန့်ပါ ၂ နေရာမှာ တစ်ပြိုင် ထဲ ဝင်တိုက်တာ တပ်မဟာ ၉ နေရာမှာက လေယာဉ် ၃ စီးနဲ့ ဗုံးသီး ၅ ကြိမ်ကျဲသွားတယ်။ ပြီးတော့ ကံဆီး စစ် တပ်ကုန်းကနေ အနန့်ပါ ဂေါက်ကွင်းနေရာကို ဆက်တိုက် ပစ်တာ။ ဖြစ်တဲ့နေရာချင်းက မတူကြဘူး။ အနန့်ပါ ဘက်ကိုတော့ ၅ မိနစ်၊ ၁၀ မိနစ်ခြားပြီး လက်နက်ကြီးတွေနဲ့ ပစ်တာ” လို့ ပြောပါတယ်။

KIA တပ်မဟာ ၉ ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ အဆင့်မြင့် အရာရှိတစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးကတော့ ထိခိုက် ဒဏ်ရာရရှိခဲ့ ပါတယ်။

ဒါ့အပြင် အနန့်ပါ ပစ်ခတ်ခံရမှုမှာလည်း အရာရှိ ၂ ဦးသေဆုံးခဲ့ပြီး နောက်ထပ်အရာရှိတစ်ယောက်ကတော့ ခြေထောက်တစ်ဖက်ကျိုးသွားတဲ့ အထိ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

“တပ်မဟာ ၉ မှာက ကျနော်တို့ စုံစမ်းသိရှိရသလောက်က သေဆုံးတာနဲ့ ထိခိုက်တဲ့ သူတွေက ၅ ယောက် ရှိ တယ်။ ကျန်တဲ့ တပ်သားတွေ ဘယ်နှစ်ယောက်ထိခိုက်တယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးဘူး။ အနန့်ပါမှာလည်း စျေးတန်းမှာ လက်နက်ကြီးကျတာရှိတဲ့အတွက် ဒေသခံတွေ သေဆုံးတာတွေရှိနိုင်တယ်” ဒေသခံတစ်ယောက်က ပြောပါတယ်။

Kachin News Group က စုံစမ်းသိရှိချက်အရ အနန့်ပါ နဲ့ တပ်မဟာ ၉ နေရာတွေ တိုက်ခိုက်ခံရမှုထဲ KIA အဆင့်မြင့် အရာရှိတွေအပါအဝင် တပ်သားအဆင့် သေဆုံးသူ စုစုပေါင်း ၁၀ ယောက်လောက် ရှိခဲ့တယ်လို့ သိရပေမယ့် တာဝန်ရှိသူတွေကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အနန့်ပါ (ANang Pa) ဂေါက်ကွင်းမှာ လက်နက်ကြီးကျခဲ့အတွက် KIA အရာရှိတွေနဲ့တကွ အရပ်သားတွေပါ သေဆုံးမှုရှိခဲ့တာ ဖြစ်ပါတယ်။

အနန့်ပါ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး နောက်ထပ် KIA နဲ့ နီးစပ်တဲ့ ဖားကန့် ဒေသခံတစ်ယောက်က ”နာမည်တွေတော့ အသေးစိတ်မသိရဘူး။ ဒါပေမယ့် သေဆုံးတဲ့ထဲမှာက အရာရှိ ၂ ယောက်က ပါသွားတယ်။ တစ်ယောက်ကတော့ ခြေတစ်ဖက်ပြတ်သွားတယ်လို့ ပြောပါတယ်။ ဂေါက်ကွင်းမှာ ဖြစ်သွားတာ။ ကျန်တဲ့ တပ်သားတွေ သေဆုံးတာက မကြားမိပါဘူး။ လောလောဆယ်က အဲ့ဒါပဲ သိရသေးတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တုန်းကလည်း (၆၂) ပြည့် KIO အထိမ်းအမှတ် ကြိုဆိုပွဲလုပ်ဖို့ စီစဉ်နေစဉ် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အရပ်သားပြည်သူ ၆၀ ကျော်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါကြောင့် အခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး နှစ်သိမ့် ဆုတောင်း ပွဲနဲ့အတူ မြေနေရာရှင်းလင်းဖို့ တာဝန်ရှိတဲ့ သူတွေက စီစဉ်နေတဲ့အချိန် တစ်နှစ်ပြည့်ခါနီးမှာ အခုလို ထပ်မံ တိုက် ခိုက်ခံလိုက်ရတာ ဖြစ်ပါတယ်။

“အခုကြားရသလောက်က အခုလိုပြန်ဖြစ်သွားတာက မနှစ်တုန်းက သေဆုံးသွားတဲ့ သူတွေရဲ့ သင်္ဂြိုလ်ထားတဲ့ နေရာမှာ နယ်မြေရှင်းလင်းတာတွေ၊ ဆုတောင်းပေးဖို့ လုပ်နေတယ်လို့ ကြားရတာဖြစ်တယ်။ အဲ့ဒါကြောင့် ရက်လည်ရှိတယ်လို့ စစ်တပ်က ကြားလို့ အခုလိုလာပစ်တာလို့လည်း ကြားရပါတယ်” လို့ ဖားကန့် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို Kachin News Group က ဆက် သွယ်မေးမြန်းနေပေမယ့် ဆက်သွယ်လို့ မရသေးဘူး ဖြစ်နေပါတယ်။

စစ်ကောင်စီတပ်က အောက်တိုဘာလ ၉ ရက်နေ့ညကလည်း KIO ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခက်ရွာကို ဗုံး ကြဲတိုက်ခိုက်ခဲ့တဲ့အတွက် မုန်လိုင်ခက် စစ်ရှောင်ပြည်သူ ၂၉ ယောက် သေဆုံးခဲ့ပြီး ၅၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...