ဒိန်ဂါရွာက နေအိမ်အချို့ မီးရှို့ဖျက်ဆီး

ဒိန်ဂါရွာက နေအိမ်အချို့ မီးရှို့ဖျက်ဆီး
အောက်တိုဘာလ ၁၂ ရက်နေ့ မီးရှို့ခံရတဲ့ လုံဂျုံရွာကနေအိမ်တချို့ (ပုံဟောင်း)
အောက်တိုဘာလ ၁၂ ရက်နေ့ မီးရှို့ခံရတဲ့ လုံဂျုံရွာကနေအိမ်တချို့ (ပုံဟောင်း)

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လုံဂျုံယန်ရွာကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒိန်ဂါရွာကိုလည်း ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဒေါ့ဖုန်းယန်ကနေထွက်ခွာလာတဲ့ စစ်ကြောင်းတွေဟာ ဒိန်ဂါရွာထဲကို မနက် ၈ နာရီလောက်မှာ ဝင်ရောက်လာပြီး ကျေးရွာနေအိမ်တွေ နဲ့ အဆောက်အအုံတချို့ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ် တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက အခုလို ပြောပါတယ်။

“လုံဂျုံယန်ရွာကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းတွေပဲ ဒိန်ဂါရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာဟုတ်တယ်။ မနက် ၈ နာရီကနေ စတင်ပြီး မီးရှို့တယ်။ အိမ်ဘယ်နှအိမ် မီးလောင်သွားတယ်ဆိုတာတော့ ဘယ်သူမှ အတိအကျ မသိ နိုင်ဘူး။ ဒိန်ဂါဘက် သယ်သူမှလည်း သွားလို့မရဘူး” လို့ ဒေါ့ဖုန်းယန်က စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပါ တယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းတွေဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီခန့်က ဗန်းမော်ကနေ ဒေါ့ဖုန်း ယန်ကို စစ်အင်အား ၁၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မရောက်ခင် လုံဂျုံယန်ကျေးရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

လုံဂျုံယန်ရွာက နေအိမ် ၁၁ အိမ်ကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ် ထဲ ဝင်ရောက်သွားခဲ့ရာကနေ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ ဒေါ့ဖုန်းယန်ကနေ ထပ်ပြီး စစ်ကြောင်းထိုးဖို့ ထွက်ခွာလာခဲ့ပြီး အောက်တိုဘာလ ၁၅ ရက်နေ့ မနက်မှာတော့ ဒိန်ဂါရွာထဲက ဝင်ရောက်လာကာ ဘုရား ကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အိမ်ခြေ ၁၈ အိမ်လောက်ရှိတဲ့ ဒိန်ဂါရွာ ဒေသခံပြည်သူတွေကတော့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက တိုက်ပွဲ စတင်ပြင်းထန်လာတာကြောင့် ဒေါ့ဖုန်းယန်ထဲကို စစ်ရှောင်နေတာဖြစ်ပြီး မနေ့က မီးရှို့ခံလိုက်ရတဲ့ နေအိမ် အရေအတွက်နဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“ဒိန်ဂါမှာ ရွာသားတွေတော့ တစ်ယောက်မှ မရှိတော့ဘူးပေ့ါ။ ဒါပေမဲ့ ဒီကြားထဲ အခင်းတွေ သွားလုပ်တာ၊ သွား ကြည့်တာတွေပဲ လုပ်နေတာဟုတ်တယ်။ တိုက်ပွဲ ပြန်ပြင်းထန်လာတာကြောင့် အားလုံးဒေါ့ဖုန်းယန်ထဲ စစ်ရှောင် နေချိန် ရွာမီးရှို့ခံရတာပေါ့။ ဒိန်ဂါရွာခံတွေကလည်း ရွာမီးရှို့ခံရတယ်ကြားတော့ သူ့အိမ်၊ ကိုယ့်အိမ် ပါသွားပြီလား ဘယ်လိုလဲ ရင်တဒိတ်ဒိတ်နဲ့ သိချင်နေကြတဲ့သူတွေချည်းပဲ။ ဒါပေမဲ့ အခြေအနေက အဲ့ဘက်ဘယ်သူမှ သွားလို့ မရဘူးဖြစ်နေတယ်” လို့ ဒေါ့ဖုန်းယန်က စစ်ရှောင်ကူညီနေသူတစ်ဦးက ဆက်ပြောပါတယ်။

လက်ရှိ ဗန်းမော် - ဒေါ့ဖုန်းယန် - နမ်ဆန်ယန်ကြားရှိ ကချင်ရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ တပ်မ ၈၈ လက်အောက်ခံ ခမရ ၇၇ တွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်ဘက်က စစ်ရိက္ခာတွေ သယ်ဆောင်ကာ စစ်ကြောင်းချီတက်လာချိန် ဒေါ့ဖုန်းယန်မရောက်ခင် လမ်းပိုင်း နေရာတချို့နဲ့ ဒေါ့ဖုန်းယန်အကျော် ဒိန်ဂါနဲ့ ခလားကြား KIA တပ်ရဲ့ ကြားဖြတ် တိုက်ခိုက်မှုခံရမှုကြောင့် အထိ နာပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေ ပြောပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...