မွန်ပြည်နယ်မှာ ဇာတ်သဘင်နဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်မှာ ဇာတ်သဘင်နဲ့ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ဖို့ စစ်ကောင်စီဖိအားပေး

မွန်ပြည်နယ်အတွင်းမှာ ပျော်ပွဲရွှင်ပွဲတွေနဲ့ စည်းကားအောင် ပြုလုပ်ဖို့အတွက် ဇာတ်သဘင်တွေပြန်ကဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဖိအားပေးပြောဆိုလာတယ်လို့ ဇာတ်သဘင် အသိုင်းအဝိုင်းက ပြောပါတယ်။

ပြည်နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပြသဖို့အတွက် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်လုံးမှာ ဇာတ်သဘင်တွေ ပြန်ကနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဇာတ်သဘင်လောကသား တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။

ဇာတ်သဘင်တွေအနေနဲ့ မြို့နယ်အလိုက် ဘုရားပွဲတွေအပြင် ရပ်ကွက်ကျေးရွာတွေရှိ အထိမ်းအမှတ်ပွဲတွေမှာ က အစ ပြန်ကပြနိုင်တယ်လို့ ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ်က အသိပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ဝန်ကြီးချုပ်က မွန်ပြည်နယ်မှာ ပွဲတော်တွေစည်စည်ကားကား အရင်လိုမျိုးပြန်ဖြစ်တာ လိုချင်တာပေါ့နော်။ လက်ရှိမွန်ပြည်နယ်ကလည်း လုံးဝအေးအေးချမ်းချမ်း နေနေရတယ်ဆိုတော့ သူတာဝန်ယူတဲ့အချိန်မှာ မွန်ပြည် နယ်ကြီးကို တိုးတက်ပြီးတော့ အဲဒီလိုမျိုး စည်ကားနေတာပဲ မြင်ချင်တယ်တဲ့။ ဒါကြောင့်မို့လို့ သူကဒီနှစ်မှာ လုံးဝ ပွဲတော်တွေ ပြန်ကျင်းပခွင့် ပြုမယ်တဲ့။ ဝန်ကြီးချုပ်ကပြောတယ်။ ပွဲဖြစ်ဖို့အရေးကြီးတယ်၊ ပွဲဖြစ်ရင် ဖြစ်လာတဲ့ ပြဿနာအကုန် သူတာဝန်ယူပေးတယ်တဲ့။ လုံခြုံရေးကိစ္စတို့ဘာတို့က တိုင်းနဲ့ဝန်ကြီးချုပ်နဲ့ ညှိပြီးတော့ ပြော ထားတယ်တဲ့” လို့ ဇာတ်သဘင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ်က မွန်ပြည်နယ်မှာ အရင်လိုပွဲတော်တွေနဲ့ စည်ကားအောင်ပြုလုပ်ဖို့နဲ့ ဇာတ် သဘင်တွေ ပြန်ကနိုင်အောင် လုံခြုံ ရေး တာဝန်ယူပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ ဇာတ်သဘင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့ တာဝန်ယူပေးမယ်လို့ပြောတယ်။ ပွဲကတဲ့ ပါမစ်ဆိုလို့ ရှိရင်လည်း ထုတ်ပေးမယ်တဲ့။ လာတင်တဲ့သူတွေ အကုန်လုံးကို အဲဒီလိုမျိုးပြောတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ညမထွက်ရအမိန့်ရှိပေမယ့် ဇာတ်သဘင်ကပြတဲ့ နေရာတွေမှာ လျော့ပေါ့တဲ့ အနေနဲ့ ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ် ပေး သွားမှာ ဖြစ်သလို အဲဒီအချိန်အ တွင်း ပွဲကပြသူတွေနဲ့ ပွဲလာကြည့်သူတွေအနေနဲ့ ပွဲခင်းထဲမှာပဲနေထိုင်ဖို့ ညွှန် ကြားချက်ပေးထားတယ်” လို့ သူကဆက်ပြောပါတယ်။

ဇာတ်သဘင်ပွဲတွေကိုလည်း လာမယ့်ပွင့်လင်းရာသီဖြစ်တဲ့ သီတင်းကျွတ်မှစတင်ကာ ခွင့်ပြုပေးမှာ ဖြစ်ပြီး ပွဲ ပါမစ်တွေကိုလည်း သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာရှိ အထိမ်းအမှတ်ပွဲတော်အလိုက် ချပေးသွားဖို့ စစ်ကောင်စီ က စီစဉ်ထားပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ “နိုင်ငံတော်ကြီး အေးချမ်းနေပြီ။ ပြည်နယ်က အေးချမ်းနေပြီ ဆိုတဲ့ပုံစံကို သူတို့ကကမ္ဘာကိုပြသချင် တာပေါ့နော်။ နိုင်ငံတကာကို ပြသချင်တာလည်းပါတယ်၊ ပြည်သူလူထု တချို့ကိုလည်း အရမ်းအေး အေးချမ်းချမ်း ဖြစ်နေပြီးဆိုတာကို သူတို့ကပြသချင်တဲ့ပုံပေါ်တာပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ နယ်မြေတည်ငြိမ်အေးချမ်းကြောင်း နိုင်ငံတကာကို လိမ်လည်ပြသဖို့နဲ့ ဇာတ်သဘင်ပွဲတွေမှာ ပေါက်ကွဲမှုတွေဖြစ်ပါက တော်လှန်ရေးအင်အားစုတွေကို အပြစ်ပုံချဖို့လို့ ကိုအေးမင်းထွန်း က ဝေဖန်လိုက်ပါတယ်။

“နောက်တစ်ခုက ဒီဇာတ် ပွဲတွေကနေချိန် ပေါက်ကွဲမှုဖြစ်မယ်။ တော်လှန်ရေးအင်အားစုတွေကို အပြစ်တင်မယ်။ သူတို့ ဘာသူတို့ လုပ်ဖို့လည်းရှိတာပေါ့နော်။ လူကိုထိခိုက်အောင် လုပ်သည်ဖြစ်စေ၊ ထိခိုက်မှုမဖြစ်ဘဲနဲ့ အသံမိုင်း ဖြစ်စေ လုပ်လာဖို့သေချာတာပေါ့နော်။ ရာခိုင်နှုန်းအပြည့်တော့ လုပ်လာဖို့များတယ်။ ပြည်သူတွေက အေးအေး ချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဇာတ်ပွဲကြည့်နေတာကိုမလိုလားလို့ ဒါအကြမ်းဖက် သမားတွေဆိုတဲ့ခေါင်းစဉ်နဲ့ သူတို့ကကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအပေါ်ကို ပုံချမှာပေါ့။ အဲဒီလိုမျိုးတော့ ကျွန်တော်မြင်တာ ပေါ့။”

ဇာတ်သဘင်တွေဟာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လကစပြီး ရပ် နားထားရတာ ဖြစ်သလို နိုင်ငံရေးအခြေအနေနဲ့ ညမထွက်ရ အမိန့်တွေကြောင့်လည်း ဇာတ်သဘင်ပွဲတွေ ကပြခွင့်မရခဲ့တာ ၄ နီးပါး ရှိလာပြီး ဖြစ်ပါတယ်။

ဒါပေမယ့်ပြီးခဲ့တဲ့နှစ်ကတော့ ဇာတ်သဘင်တချို့ ပြန်ထွက်ခဲ့တာရှိပေမယ့် ရာသီအလိုက်ပွဲတော်တွေ၊ အလှူ မင်္ဂလာပွဲနဲ့ တခြားအခမ်းအနားပွဲတွေမှာ တရားဝင်ကပြခွင့်မရတာကြောင့် လောင်းကစားဝိုင်းတွေငှားတဲ့ နေရာ တွေမှာသာ အချိန်အပိုင်းအခြားနဲ့ နေ့ပွဲတွေကပြတာတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က ဇာတ်သဘင်ပေါင်း ၄၂ ဇာတ်ရှိခဲ့ပြီး လက်ရှိမှာတော့ စစ်ကောင်စီ ခန့်ဝန်ကြီးချုပ်က ဇာတ်သဘင်တွေကို ပြန်လည်ကပြခွင့်ပြုတာကြောင့် ဇာတ်သဘင်အဟောင်းနဲ့အသစ် ဇာတ် ၃၀ ကျော် ပြန်လည်ကပြဖို့ ပြင်ဆင်နေတယ်လို့ ဇာတ်သဘင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

စစ်ကောင်စီဘက်က ပွဲလမ်းသဘင်တွေ ကျင်းပခိုင်းနေတဲ့ မွန်ပြည်နယ်မှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေး၊ ပေါင်နဲ့ ကျိုက်မရောမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား မကြာခဏထိတွေ့ တိုက် ခိုက်မှုတွေရှိနေပြီး စစ်ကောင်စီဘက်က လုံခြုံရေးအထူးတင်းကျပ်ထားရတာ ဖြစ်ပါတယ်။

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...