မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုထဲ ကလေး ၅ ယောက်သေဆုံးသွားသည့် မိခင်နှင့် ဆက်သွယ်မေးမြန်းချက်

မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုထဲ ကလေး ၅ ယောက်သေဆုံးသွားသည့် မိခင်နှင့် ဆက်သွယ်မေးမြန်းချက်

KIO ဗဟိုဌာနချုပ်လိုင်ဇာမြို့ မုန်လိုင်ခက်ရွာမှာ အောက်တိုဘာလ ၉ ရက်ည ၁၁ နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီတပ်ရဲ့  လက်နက် ဗုံးကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ယောက် သေဆုံးမှု ဖြစ်ပွားခဲ့ပြီး ရွာသား ၅၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူ ၂၉ ယောက်ထဲမှာ အသက် ၁၂ နှစ်အောက် ကလေးငယ်များနဲ့ စစ်ရှောင်အမျိုးသမီးတွေ အများဆုံး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဒေါ်ကမ်ဘူရွယ်ဂျီးဆိုတဲ့ စစ်ရှောင်အမျိုးသမီးတစ်ယောက်က ကလေး ၅ ယောက် ဆုံးရှုံးလိုက်ရပါတယ်။

အခုလို မထင်မှတ်ထားတဲ့အချိန် သားသမီး ၅ ယောက် ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားနေရလဲ၊ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံခဲ့ရသလဲဆိုတာနဲ့ ပတ်သက်ပြီး KNG သတင်းဌာန က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ရှေးဦးစွာပေါ့လေ ဒေါ်ရဲ့ နာမည်နဲ့ ဒီ မုန်လိုင်ခက်ရွာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နေရာမှာ ဘယ်လို ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါသလဲ။

ဖြေ - ကျမ နာမည်ကတော့ ကမ်ဘူရွယ်ဂျီးလို့ခေါ်ပါတယ်။ ကျမမှာ သား/သမီးတွေ အားလုံး ၉ ယောက်ရှိပါ တယ်။ အဲထဲမှာ မုန်လိုင်ခက်ပေါက်ကွဲမှုဖြစ်စဉ်ထဲမှာကတော့ သား၊ သမီး ၅ ယောက်က သေဆုံးတဲ့ထဲမှာ ပါသွားပါတယ်။ ၅ ယောက်ထဲမှာ ယောက်ကျားကလေးက ၂ ယောက်၊ မိန်းကလေးက ၃ ယောက်ပါ။ အားလုံးက ဆယ်ကျော်သက်တွေပါပဲ။ အငယ်ဆုံးက ဆယ်နှစ်အရွယ်ပေါ့။

မေး - သေဆုံးမှုမှာ သား၊ သမီး ၅ ယောက်ပါသွားတဲ့ အဲဒီည ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်း အခြေအနေကိုလည်း သိရ သလောက် ပြောပြပေးပါ။

ဖြေ - အဲဒီညက ကျမတို့ မိခင်နဲ့ ဖခင် ၂ ယောက်စလုံးမရှိတဲ့ အချိန်မှာဖြစ်သွားတာဟုတ်တယ်။ မနက်ပြန်လာတဲ့ အချိန်မှာတော့ စစ်ရှောင်စခန်းတွေလည်း မရှိတော့တဲ့ မြင်ကွင်းပဲမြင်ရတော့တယ်။ ပြီးရင် သားသမီး ၅ နဲ့အတူ သေဆုံးသွားကြတဲ့ သူတွေကို တာဝန်ရှိတဲ့ သူတွေက အလောင်းတွေကို သေချာလေးပြင်ဆင်ထားတာကိုပဲ လာ တွေ့ရတာ ဟုတ်တယ်။

မေး - စစ်ရှောင်စခန်းက အကုန်ပျက်စီးသွားတယ်ဆိုတော့ အဒေါ်လို မိသားစုလိုက် ဆုံးရှုံးလိုက်ရတဲ့ မိသားစု ဝင်တွေ ဘယ်နှစ်ယောက်လောက်ရှိလဲ။

ဖြေ - အဲ့လို မိသားစုလိုက် သေဆုံးတာဖြစ်တာက ကျမအပါအဝင် အိမ်ထောင်စု ၈ ခုလောက်ရှိပါတယ်။ ကျမ တို့က ၅ ယောက်သေဆုံးသွားတယ်။ တစ်ခြားမိသားစုတွေကတော့ ၂ ယောက်၊ ၃ ယောက်၊ ၄ ယောက် အဲ့လိုပါ သွားကြတယ်။ မိသားစု ၃ ယောက်အထက် သေဆုံးသွားတာက အိမ်ထောင်စု ၃၊၄ စုလောက်ရှိပါတယ်။

 မေး - အခုလို မထင်မှတ်ထားချိန် သားသမီး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ ဘာ ပြော ချင်ပါသလဲ။

ဖြေ - အဒေါ်မှာက သား၊ သမီး ၅ ယောက် ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်က ရင်ကွဲမတတ်ပါပဲ။ သူတို့ရဲ့နောက်ကို လိုက်သေသွားချင်တဲ့ စိတ်ပဲဖြစ်နေမိတယ်။ အသက်ရှင်စိတ်လည်းမရှိတော့ဘူး။ ဒီထက်လည်း ပြောစရာစကား လည်း မရှိတော့ဘူးပါဘူး။

မေး - အခု မုန်လိုင်ခက်မှာ လက်နက်ကြီး ပေါက်ကွဲမှုဖြစ်သွားတဲ့အတွက် ရွာထဲမှာ ပျက်စီးဆုံးရှုံးတာတွေ၊ ပြီးရင် ဒီပေါက်ကွဲမှုက ဘယ်လောက်ကြီးမားတယ်လို့ ပြောလို့ရမလဲ မြင်ကွင်းအခြေအနေကိုလည်း ပြောပြပေးပါအုံး။

ဖြေ - မုန်လိုင်ခက် ရွာထဲမှာရှိတဲ့ နေအိမ်တွေကတော့ အကုန်လုံးနီးပါး ထိခိုက်သေကြေ ပျက်စီးသွားပါတယ်။ ဘာတစ်ခုမှ မကျန်ပါဘူး။ အဆုံးရွာဆုံးလို့ပြောရမယ်ဆိုရင်တော့ စစ်ရှောင်စခန်း ၂ ခုစလုံးက တစ်စီဖြစ်သွား တယ်။ ကျမတို့ စစ်ရှောင်တွေက လူလည်းဆုံး၊ ပစ္စည်းလည်းဆုံး။ အသက်ရှင်ကျန်ခဲ့တဲ့ သူတွေက ကိုယ်ပေါ်မှာ ပါလာတဲ့ အင်္ကျီတစ်ထည်တာပါပဲ။

မေး - ပြီးတော့ နောက်တစ်ခုက အခု မုန်လိုင်ခက်မှာ ပေါက်ကွဲမှုဖြစ်ပွားသွားတဲ့ လက်နက်ကြီးက ထူးဆန်းတဲ့ လက်နက်ကြီးဖြစ်လို့ ပြောတယ်။ ဒါက ဘယ်သူ့ရဲ့ လက်ချက်ဖြစ်နိုင်မယ်လို့ ပြောနိုင်မလဲ။

ဖြေ - အားလုံးက ဒီတစ်ခေါက် ဖြစ်သွားတဲ့ လက်နက်ကြီးက အရင်ကနဲ့ မတူးဘူး ပြင်းတယ် ဆုံးရှုံးမှုများတယ်။ အဲ့လောက်ပဲ သိရတယ်။ ကျန်တာက မပြောတတ်ဘူး။ ဘယ်သူ့ရဲ့ လက်နက်ကြီးဆိုပြီး ထွေထွေထူးထူး ပြောနေ စရာမှ မလိုတာ ဒါက စစ်ကောင်စီတပ်ရဲ့ လက်ချက်ပါပဲ။

မေး - ပြီးရင် အခု ဒီမုန်လိုင်ခက် ဆိုတဲ့ ရွာကကော KIA တပ်တွေရဲ့ စစ်တပ်နေရာလား။ ဒါမှမဟုတ် ဒေသခံတွေနဲ့ စစ်ရှောင်တွေပဲရှိနေတဲ့ ရွာလား ဒီအပေါ်မှာလည်း ပြောပြပေးပါအုံး။

ဖြေ - ကျမတို့ မုန်လိုင်ခက်မှာက ရွာသားတွေနဲ့ စစ်ရှောင်တွေပဲရှိတဲ့ နေရာမှာ ဘာစစ်တပ်နေရာလည်း မဟုတ်ပါ ဘူး။ စစ်သားတွေတောင်မရှိတဲ့ နေရာပါ။ အခုပေါက်ကွဲမှုဖြစ်သွားတဲ့နေရာကလည်း အရင်က မီးသွေးလုပ်တဲ့ နေရာမှာ အဲ့နေရာမှာ မီးသွေးအိတ်တွေတောင် ရှိနေတာဖြစ်တယ်။

မေး - အခုလို စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ်မှာကော ဘယ်လို မြင် ပါသလဲ။

ဖြေ - သူတို့က ကျမတို့ ပြည်သူတွေကို အမြစ်ပျက်သုန်းသွားအောင် သတ်ဖြတ်လိုက်ဖို့ လုပ်ဆောင်နေတာ ဖြစ် တယ်။ သူတို့က တစ်ဖက်မှာ တိုက်ပွဲဖြစ်နေတဲ့ နေရာမှာ ရှုံးတာတွေ များလာတာဖြစ်တဲ့အတွက် အခုလို ရည် ရွယ်ချက်ရှိရှိ လာသတ်ဖြတ်တယ်လို့ပဲမြင်ပါတယ်။ ပြီးရင်နောက်တစ်ခုက အခုသူတို့ လာပစ်တဲ့ မုန်လိုင်ခက်နဲ့ အခုတိုက်ပွဲဖြစ်နေတဲ့ နမ်ဆန်ယန်ဒေသဆိုတာက အဝေးကြီးပါ။ ဘာမှမဆိုင်ပါဘူး။

မေး - အဲ့ဆိုရင် အခုမုန်လိုင်ခက် စစ်ရှောင်တွေက ဘယ်စစ်ရှောင်တွေလဲ။ အဲဒီနေရာမှာ နေတာကော အချိန်ကာ လ ဘယ်လောက်ရှိပြီ။

ဖြေ - ကျမတို့က ဝေကြိုင်စစ်ရှောင်တွေပါ၊ အဲဒီစစ်ရှောင်စခန်းနဲ့ နေလာတာက ပြီးခဲ့တဲ့ ၂၀၁၁ လောက်ကနေ ရှိနေပါပြီ။

မေး - အဒေါ်တို့အနေနဲ့ အခုလို ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အတွက် ရှေ့လက်ပြီးတော့ ဘယ်လိုလုပ်သွားဖို့ ရှိလဲ စဉ်းစားထားတာရှိလား။ ပြီးရင် မုန်လိုင်ခက်နေရာမှာပဲ ဆက်နေသွားဖို့ရှိလား။

ဖြေ - အခုကတော့ ဝေကြိုင်စစ်ရှောင်စခန်းမှာ လာတိမ်းရှောင်နေကြပါတယ်။ စစ်ရှောင် လူဦးရေကတော့ ၆၀၀ ကျော်လောက်ရှိပါတယ်။ ဒါ့ပေမယ့် အခုလိုဖြစ်သွားတဲ့ နေရာမှာက ပြန်သွားနေဖို့လည်း မတွေးချင်တော့ဘူး။ ကျမတို့ရဲ့ မိသားစုကို ဖြိုကွဲအောင် ဖြစ်သွားစေခဲ့တဲ့နေရာမှာက လုံးဝမနေချင်တော့ပါ။ ဆက်လက်ဘယ်လို နေ သွားဖို့ ဆိုတာကလည်း သက်ဆိုင်ရာ လူကြီးတွေနဲ့ပဲဆိုင်ပါတယ်။ ကျမတို့က ဘုရားလက်ထဲမှာပဲ အပ်ထား တော့တယ်။

မေး - နောက်ဆုံးအနေနဲ့ သား၊ သမီး ၅ ယောက်တောင် ဆုံးရှုံးလိုက်တဲ့ မိခင်တစ်ယောက်အနေနဲ့ ဘာပြောချင် သေးလဲ။ ပြီးရင် ပြည်သူတွေကို ဒီကနေ ဘာတွေ ပြောပြချင်တာရှိသေးတာလဲ။

ဖြေ - ကျမတို့ ပြည်သူတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲနေချင်တော့တယ်။ ဒီလိုအဖြစ်ဆိုးမျိုးလည်း မကြုံချင်တော့ဘူး။ အားလုံးလည်း ဝိုင်းဝန်းကူညီပေးဖို့ တောင်းဆိုချင်ပါတယ် ဒီလောက်ပါပဲ။

ပုံစာ - ကလေး ၅ ယောက်ဆုံးရှုံးလိုက်ရတဲ့မိခင် ဒေါ်ကမ်ဘူရွယ်ဂျီး

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...