တပ်စခန်းများကိုတိုက်ခိုက်မှု ဆက်ဖြစ်လာပါက စစ်ကောင်စီနှင့်ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ဟု AA ပြော

တပ်စခန်းများကိုတိုက်ခိုက်မှု ဆက်ဖြစ်လာပါက စစ်ကောင်စီနှင့်ဆက်ဆံရေး ပိုမိုတင်းမာလာနိုင်ဟု AA ပြော
ရက္ခိုင့်တပ်တော် (AA) ၏ အမျိုးသမီး တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
ရက္ခိုင့်တပ်တော် (AA) ၏ အမျိုးသမီး တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ ရက္ခိုင့်တပ်တော် (AA) တပ်စခန်းများကို ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပတ်ခတ်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း AA က ပြောသည်။

အောက်တိုဘာ ၉ ရက်က လိုင်ဇာရှိ AA တပ်စခန်းတစ်ခုနှင့် စက်တင်ဘာ ၂၈ ရက်က လိုင်ဇာရှိ AA မုန်လိုင်ခက် တပ်စခန်းထဲ စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ခဲ့မှုကြောင့် နှစ်ပတ်အတွင်း AA တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။

AA တပ်စခန်းများကို ဦးတည်ပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်လာပါက နှစ်ဖက်တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်သည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

“ရက္ခိုင့်တပ်တော်ရဲ့ တပ်စခန်းတွေကို ပစ်ခတ်မှုအကြိမ်ရေ များလာလို့ရှိရင် နှစ်ဖက်ကြား ဆက်ဆံရေးတွေ ပျက်ပြားလာနိုင်ပြီး တင်းမာမှုတွေ ပိုပြီးမြင့်မားလာမဲ့ အနေအထားတွေရှိတယ်” ဟု ပြောသည်။

ယခင် ၂၀၂၂ ခုနှစ်က ရခိုင်တွင် တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားရခြင်းမှာလည်း AA တပ်စခန်းများကို စစ်ကောင်စီ တပ်မှ ဦးတည်တိုက်ခိုက်ခဲ့ရာမှ တင်းမာမှုဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရခြင်းဟုလည်း ဦးခိုင်သုခက ဆက်ပြောသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် KNLA ဒေသရှိ AA စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် AA တပ်သား ၆ ဦး ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်အများအပြား ဒဏ်ရာရရှိခဲ့သည်။

ယင်းဖြစ်စဉ်ကို လက်တုန့်ပြန်သည့်အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်၊ မောင်တောမြို့ နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို AA က တိုက်ခိုက်ကာ တပ်ဖွဲ့ဝင် ၁၄ ဦးကို ဖမ်းဆီးခဲ့ရာမှာ ရခိုင် တွင် အပြန်အလှန်ဖမ်းဆီးမှုများ မြင့်တက်လာပြီး တကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

ကချင်ဒေသတွင် စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် (AA) က KIA နှင့်အတူ ဝင်ရောက်တိုက်ခိုက်နေသည့်အပေါ် စစ်ကောင်စီက မကျေနပ်၍ တုန့်ပြန်တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ် မှု များရှိနေသည်။

အောက်တိုဘာ ၉ ရက်က လိုင်ဇာရှိ AA တပ်စခန်း တိုက်ခိုက်ခံရသည့် တစ်ချိန်တည်းမှာပင် လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းတွင် လက်နက်ကြီးကျရောက်မှုကြောင့် ကလေး ၁၀ ဦးအပါအဝင် ၂၈ ဦးခန့် သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းကြောင့် ကချင်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများမှာ အရှိန်အဟုန် ပြင်းထန်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှုမြင်သည်။

“ကချင်ဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ဖို့ စစ်ကောင်စီဖက်က ကြိုးစားနေတာ ၂ နှစ်လောက်ရှိပြီ။ အဲဒါတွေ မအောင်မြင်တဲ့အခါ လိုင်ဇာနားမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်နဲ့ မသက်ဆိုင်သူတွေကို လေကြောင်းက တိုက်ခိုက်လာတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်။ အဲဒါကြောင့် ကချင်ဒေသမှာ စစ်ရေးမြင့်တက်မှု က သေချာပေါက်ရှိလာနိုင်တယ်” ဟု ၎င်းကပြောသည်။

ရခိုင်ဒေသတွင် နှစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်ထားသည့်အချိန်တွင် လိုင်ဇာရှိ AA တပ်စခန်းများကို စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေမှုများမှာ ယုံကြည်မှုကို ပျက်ပြားစေနိုင်ကြောင်း နိုင်ငံရေးသမားများ က ပြောသည်။

ဘူးသီးတောင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်သောင်းရွှေက “အခုကာလက ငြိမ်းချမ်းရေး အတွက် နှစ်ဖက်နားလည်မှုနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ ကာလဖြစ်တယ်။ ဒီကာလမှာ အခုလို ပစ်ခတ်မှုတွေ တစ်ကြိမ်မဟုတ် နှစ်ကြိမ်မဟုတ် ဖြစ်လာရင် နှစ်ဖက်ယူထားကြတဲ့ နားလည်မှုတွေဟာ ပျက်ပြားလာနိုင်တယ်။ ယုံကြည်မှုရလာအောင် ပြန်ပြီးဆွေးနွေးဖို့ လိုအပ်တယ်။ ဆွေးနွေးနေတဲ့ကာလမှာ ဒီလိုပစ်ခတ်မှုတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်တယ်” ဟု ပြောသည်။

ရခိုင်တွင် တိုက်ပွဲများရပ်တန့်နေသည်မှာ ၁၀ လကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ရခိုင်နှင့် ပလက်ဝဒေသမှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅ သောင်း ၈ ထောင်ကျော် ရှိနေသေးသည်။ လက်ရှိတွင် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များအကြား တင်းမာမှုဖြစ်ကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Most read this week

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...