ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်မှုမြင့်တက်

ကျိုက်ထိုတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံများ စိုးရိမ်မှုမြင့်တက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က နေ့စဉ်ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်မှု လုပ်ဆောင်နေခြင်းကြောင့် ဒေသခံများ စားဝတ်နေရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုများ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်နှင့် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ ကျိုက်ထိုမြို့နယ်ထဲ နေ့စဉ်နှင့်အမျှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ရင်းများမှ တစ်ရက်လျှင် အနည်းဆုံး လက်နက်ကြီး ၅ လုံးမှ ၁၀ လုံးခန့်အထိ ပစ်ခတ်နေခြင်း ကြောင့် မိသားစု စားဝတ်နေရေးအတွက် ဥယျာဉ်ခြံနှင့် လုပ်ငန်းခွင်ထဲ သွားရန် အခက်အခဲ ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးက နေ့တိုင်းပစ်နေတာ။ ဘာမှ လုပ်စားလို့ မရတော့ဘူး။ အသံကြားတာနဲ့ ဗုံးခိုကျင်းထဲ ပြေးပြေး နေရတာ။ ဒီမှာက အားလုံးနီးပါး ဗုံးခိုးကျင်တူးထားကြတာ။ ကုန်ဈေးနှုန်းက တက်တယ်။ အလုပ်က လုပ်လို့မရ ဘူးဆိုတော့ ကြာရင် ငတ်ဖို့ပဲ ရှိတော့မယ်” ဟု ခရွဲဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကလည်း ကျိုက်ထိုမြို့နယ်၊ ချောင်းဝကျေးရွာနေ ဦးဖိုသားဝ နေအိမ်အနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ဆိုင်ကယ်တစ်စီးပျက်စီးပြီး နွားနှစ်ကောင် ထိခိုက် ဒဏ်ရာရှိခဲ့သေးသည်။

စစ်ကောင်စီတပ်ရင်းတို့သည် ကျိုက်ထိုမြို့နယ်၊ ချောင်းဝ၊ ခရွဲ၊ ကညင်းအိုင်နှင့် ကျောက်ပုံကြီးကွင်းကျေးရွာ တို့ကို အဓိက ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသည့်အတွက် ငွေကြေးတက်နိုင်သည့် ဒေသခံများက သိမ်ဇရပ်နှင့် ကျိုက်ထိုမြို့ပေါ်သို့ ပြောင်းရွှေ့သွားကြသည်လည်း ရှိနေသည်။

“လက်နက်ကြီးကတော့ နေ့တိုင်းပစ်တာ။ ဒီလိုပဲ ကြောက်ကြောက်နဲ့ နေနေရတာ။ ပိုက်ဆံရှိတဲ့သူတွေကတော့ သိမ်ဇရပ်ဘက်ခြမ်း ပြောင်းကုန်ကြပြီ” ဟု ချောင်းဝဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတုန်းကလည်း ကျိုက်ထိုမြို့နယ် ပိတောက်တော၊ ဇီးကုန်းနှင့် ငှက်ပျောတောကျေးရွာ ထဲ စစ်ကောင်စီ အမြောက်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၂,၀၀၀ ကျော် ထွက်ပြေးတိမ်း ရှောင်ခဲ့ကြရသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်တပ်အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူများ စစ်ကောင်စီတပ်၏ လက်နက်ကြီး ဖြင့် ပစ်ခတ်ခြင်းဒဏ်၊ မြေမြှုပ်မိုင်းနင်းမိဒဏ်ခံနေရပြီး သေဆုံး ဒဏ်ရာရမှုလည်း ရှိနေသည်ဟု ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

Most read this week

October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...
October 22, 2024
မွန်ပြည်နယ်အတွင်း ပွဲရုံ၊ ဂိုဒေါင်တို့တွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့်...