စပါးဈေး တင်း ၁၀၀ ကျပ် ၇ သိန်းခွဲသတ်မှတ်မှု ရခိုင်မှလယ်သမားများအတွက် အကျိုးအမြတ် မရှိဟုဆို

စပါးဈေး တင်း ၁၀၀ ကျပ် ၇ သိန်းခွဲသတ်မှတ်မှု ရခိုင်မှလယ်သမားများအတွက် အကျိုးအမြတ် မရှိဟုဆို

စစ်ကောင်စီက ယခုနှစ်အတွက် အခြေခံရည်ညွှန်းစပါးစျေး တင်း ၁ဝဝ ကို ကျပ် ၇ သိန်းခွဲ သတ်မှတ်လိုက်သည်။

တောင်သူ လယ်သမားများအတွက် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေး စိုက်ပျိုးထုတ်လုပ် မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆)ပေါင်ကိုက် စပါး တင်း (၁၀၀)၏ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ကျပ် ၇ သိန်းခွဲ သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ၏ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်း အောက်တွင်ဖြစ်ပါက အခြေခံဈေးနှုန်း အတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၃ ခုနှစ် မိုးစပါးနှင့် ၂၀၂၄ ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း ဆိုထားသည်။

ရခိုင်ပြည်နယ်မှ လယ်ယာလုပ်ငန်းအပိုင်းတွင် သွင်းအားစုများခြင်း၊ ပို့ဆောင်ရေးပိုင်းတွင် အကုန်အကျများခြင်း တို့ ကြောင့် စစ်ကောင်စီက ယခုသတ်မှတ်ပေးသော စျေးနှုန်းသည် ရခိုင်မှ လယ်သမားများအတွက် အကျိုး အမြတ်မရှိဟု ရခိုင်ပြည်လုံးဆိုင်ရာတောင်သူလယ်သမားအသင်းဥက္ကဋ္ဌ ဦးကျော်ဇံက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“ဒီခုသတ်မှတ်ထားတဲ့စျေးက ကျနော်တို့ရခိုင်ကလယ်သမားတွေအတွက် လုံးဝအဆင်မပြေပါဘူး။ ပြည်မ ဖက်နဲ့ နှိုင်းယှဉ်ရင် သွင်းအားစုနဲ့ ပို့ဆောင်ရေးအပိုင်းမှာ ပြည်မဖက်ထက် အများကြီးစျေးကြီးတယ်။ ဒါကြောင့် အကျိုး အမြတ် ရှိတယ်လို့ ပြောလို့မရပါဘူး” ဟု ပြောသည်။

ရခိုင်တွင် ၆ ပြည်ဆံ့သည့်တင်းဖြင့် တင်း ၁၀၀ ကို ကျပ် ၉ သိန်းနီးပါးရသည့်အချိန်၌ ယခု စစ်ကောင်စီက သတ် မှတ်ပေးသည့်စျေးမှာ လယ်သမားများအတွက် တွက်ခြေလုံးဝမကိုက်ဟုလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ် ကျေးရွာမှ လယ်သမားဦးစံထွန်းကျော်က နိရဉ္စရာကို ပြောသည်။

“လယ်သမားတွေမှာ ကုန်ကျစရိတ်တွေများတယ်။ ကာလဒေသမှာ ကုန်စျေးနှုန်းတွေကလည်း တက်တယ်။ သူတို့သတ်မှတ်ထားတာနဲ့ ကျနော်တို့ရင်းရတာနဲ့ စျေးမကိုက်ညီပါဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် ယခင်နှစ်က အခြေခံရည်ညွှန်းစပါးစျေးနှုန်း တင်း (၄၆) ပေါင်ကိုက် စပါးတင်း ၁၀၀ ကို ၅ သိန်း ၈ သောင်းသတ်မှတ်ခဲ့ပြီး ယခုနှစ်တွင် ၇ သိန်းခွဲအထိ တိုးမြှင့်သတ်မှတ်လိုက်သည်။

မြောက်ဦးမြို့နယ်၊ ဓညဝတီစိုက်ပျိုးရေးအသင်းဥက္ကဋ္ဌ ဦးမောင်သိန်းလှက “အရင်နှစ်ကရည်ညွှန်းစျေး ခြောက်သိန်း နီးပါးရှိခဲ့တုန်းက ရခိုင်မှာ စပါးစျေး ရှစ်သိန်း၊ ကိုးသိန်းအထိရခဲ့တယ်။ အခု ခုနှစ်သိန်းခွဲဆိုတော့ ရခိုင်စပါးစျေးက ၁၀ သိန်းအထက်မှာ ရှိနိုင်တယ်” ဟု ပြောသည်။

ယခင်နှစ်က စပါးစပေါ်သည့်အချိန်တွင် စပါးတင်း ၁၀၀ ကို ငွေကျပ် ၈ သိန်းနှင့် ၉ သိန်းကြားရှိခဲ့ကြောင်း တောင်သူများက ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် လယ်ဧကအမြောက်အများ ဆားငန်ရေဝင်ရောက်ပျက်စီးကာ စိုက်ပျိုးပြီးစ စပါးပင်များလည်း ပျက်စီးမှုများရှိခဲ့သည့်အတွက် စပါးပေါ်ချိန် တွင် အထွက်နှုန်းကျဆင်းနိုင်သည်ဟုလည်း လယ်သမားများက ခန့်မှန်းနေကြသည်။

Most read this week

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...