အာဏာသိမ်းကာလအတွင်း စစ်တပ်က ကလေး ၂၄ ဦးအပါအဝင် ချင်းပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်

အာဏာသိမ်းကာလအတွင်း စစ်တပ်က ကလေး ၂၄ ဦးအပါအဝင် ချင်းပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်

စစ်အာဏာသိမ်းမှု ၃ နှစ်နီးပါးတွင် ချင်းပြည်နယ်မှာ စစ်ကောင်စီက နည်းလမ်းမျိုးစုံဖြင့် ကလေးငယ် ၂၄ ဦး အပါအဝင် အရပ်သား ပြည်သူ ၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ချင်းလူမျိုုး ၁၀၀၀ ကျော်ကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်သည်။

အာဏာသိမ်းချိန်မှ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ချင်းပြည်နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီး သတ်ဖြတ်မှု၊ စစ်ကြောင်းထိုးစဉ် သတ်ဖြတ်မှု၊ မြေမြှုပ်မိုင်းနှင့် သေဆုံးမှု၊ လက်နက်ကြီးနှင့် လေကြောင်းအသုံး ပြု၍ သတ်ဖြတ်မှုကျူးလွန် ရာမှာ အမျိုးသမီး ၃၈ ဦးနှင့် အမျိုးသား ၁၇၉ ဦး စုစုပေါင်း ချင်းအရပ်သားပြည်သူ ၂၁၇ ဦး သေဆုံးခဲ့သည်ဟု ချင်းရေးရာ အဖွဲ့ချုပ်မှ လ/ထညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။

“ဒီဟာက မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ရင်းမြစ်အများကြီးကနေ မြင်နိုင်တယ်။ နိုင်ငံတ ကာက ဘယ်လိုမျိုး ဖိအားတွေ ပေးမလဲ၊ ဒီထက် ထိရောက်တဲ့ အရေးယူမှုတွေ ဘယ်လိုမျိုး လုပ်မလဲဆိုတာ တော့ ကျနော်တို့က ရီပို့ပေးရုံပဲ ပေးလို့ ရတာပေါ့နော်။ ဒါကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက် ကြည့်မနေတော့ဘဲနဲ့ ဘယ်လိုထိရောက်တဲ့ အရေးယူမှုကို လုပ်မလဲဆိုတာ စဉ်းစားဖို့ လိုအပ်ပြီး” ဟု ပြောသည်။

ယင်းသေဆုံးမှုထဲတွင် အသက်မပြည့်ကလေးငယ်များ မိန်းကလေး ၄ ဦးနှင့် ယောက်ကျား  ၂၀ ဦးတို့ ပါ၀င်သည် ဟု အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် ICA ၏ ထုတ်ပြန်ချက်ကဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်ကို စစ်ကြောင်းထိုးရာတွင် လမ်းပြများ၊ ဓါးစာခံများ၊ လူသားဒိုင်းများအဖြစ် အရပ်သား ပြည်သူ ၁၃၄ ဦးကို ဖမ်းဆီးခေါ်ဆောင်၍ အသုံးပြုခဲ့သည်ဟု ICA အစီရင်ခံစာက ဆိုသည်။

အစီရင်ခံဟာအရ ချင်းအမျိုးသမီး ၆ ဦးလည်း စစ်ကောင်စီတပ်၏ အုပ်စုဖွဲ့ မုဒိမ်းပြုကျင့်မှုသာမက သတ်ဖြတ်မှု ကိုပါ ခံထားရသည်ဟု သိရသည်။

ထို့အပြင် ၃ နှစ်နီးပါးအတွင်း စစ်ကောင်စီသည် ပုဒ်မအမျိုးမျိုး တပ်၍ ချင်းပြည်သူ ၁၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ချင်းလူမျိုး ၅၀၀ ကျော်မှာ ဆက်လက်ထောင်တွင်းအကျဉ်းကျခံနေရသည်၊ ချင်းပြည်သူများ ပြန် လည် လွတ်မြောက်လာသူများ ရှိသကဲ့သို့ ထောင်ထဲမှာ ၂ ဦး သေဆုံးခဲ့ရသည်ဟု အစီရင်ခံစာမှာ ဖော်ပြထား သည်။

“တစ်ထောင်ကျော်ဆိုတဲ့ အထဲမှာ ပြန်လွတ်သူတွေက အများကြီးရှိနေတယ်။ ကတိနဲ့ ပြန်လွတ်တာတွေ အများ ကြီး ရှိတယ်။ အမိန့်ချတာတွေကို အားလုံး ပြောဖို့က ခက်နေသေးတယ်။ အခုနောက်ပိုင်းမှာ သူတို့ ဒီလိုမျိုး ဖမ်း ဆီးတာတွေ အများကြီးရှိ လာတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာ ပြောဖို့ ခက်ပါတယ်” ဟု ICA မှ လ/ထညွှန်ကြားရေးမှူး ဆလိုင်း ဗန်ဆွီးစံက ပြောသည်။

ချင်းပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ တစ်သိန်းနီးပါးအထိ ရှိနေပြီး ၂၀၂၃ ခုနှစ်အတွင်း ချင်းစစ်ရှောင်များ ပိုမိုတိုးလာ နေသည်ဟု သူကဆက်ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ပြည်နယ်တွင် စစ်ဘေးရှောင် ၆၀၀၀၀ကျော်၊ နယူဒေလီနှင့်တခြားပြည်နယ်များတွင် ၁၀၀၀ ကျော် ရှိနေပြီး မလေးရှားနိုင်ငံမှာ ရှိနေသည့် စစ်ဘေးဒုက္ခသည်က ၈၀၀၀၀ မှ ၁၀၀၀၀ ကြား ရှိနေသည်။

စစ်ကောင်စီက ချင်းပြည်နယ်၏ လူနေအိမ်နှင့် အဆောက်အအုံပေါင်း ၂၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လေ ကြောင်းတိုက်ခိုက်မှု အကြိမ် ၆၃ ကြိမ်ထက်မနည်းကို ပြုလုပ်ခဲ့သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...