ရခိုင်ရှိ အောက်စီဂျင်စက်ရုံများတွင် ရန်ပုံငွေအခက်အခဲကြောင့် အောက်စီဂျင်ဗူးများကို အခမဲ့မဖြန့်နိုင်ဖြစ်နေ

ရခိုင်ရှိ အောက်စီဂျင်စက်ရုံများတွင် ရန်ပုံငွေအခက်အခဲကြောင့် အောက်စီဂျင်ဗူးများကို အခမဲ့မဖြန့်နိုင်ဖြစ်နေ

ရခိုင်ပြည်နယ်ရှိ အောက်စီဂျင်စက်ရုံအချို့တွင် ရန်ပုံငွေအခက်အခဲကြောင့် အောက်စီဂျင်ဗူးများကို အခမဲ့ မဖြန့်ဝေနိုင်ဖြစ်နေသေးကြောင်း အဆိုပါစက်ရုံတာဝန်ရှိသူများက ပြောသည်။

အဆိုပါစက်ရုံ အဆောက်အအုံများနှင့် အောက်ဆီဂျင်စက်များမှာ မိုခါမုန်တိုင်းတိုက်ပြီးခဲ့မှုကြောင့် ပျက်စီးသွား၍ ရန်ပုံငွေပိုက်ဆံများဖြင့် ပြန်လည်ပြုပြင်မွမ်းမံနေရသည်။

ယင်းကြောင့် စက်ရုံရေရှည်တည်တံ့နိုင်ရန်အတွက် အောက်စီဂျင်ဗူးများဖြန့်ဝေရာတွင် တစ်ဗူးလျှင် ကျပ် ၅ဝဝဝ နှုန်းဖြင့် ကောက်ခံနေရသည်ဟု စစ်တွေမြို့ရှိ အောက်စီဂျင်စက်ရုံ မန်နေဂျာဦး ဦးအောင်ကျော်မင်းက ပြော သည်။

“မိုခါပြီးတဲ့ နောက်ပိုင်း မီးပျက်တော့ မီးစက်ကြီးတစ်လုံးကို သိန်း ၁၀၀၀ လောက်ပေးပြီးဝယ်လိုက်ရတယ်။ စက် ရုံကို ပြန်လည်ပြုပြင်လိုက်တာတွေကြောင့် ကုန်ကျငွေများသွားတယ်။ စက်ရုံက ရေရှည်တည်တံ့အောင်၊ မီတာခ ဖြစ်ဖြစ် အထောက်အကူတစ်ခု ဖြစ်နိုင်မလားဆိုပြီးတော့ပေါ့နော်” ဟု ပြောသည်။

ထိုကဲ့သို့ ငွေကြေးကောက်ခံရာတွင်လည်း လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိက‌‌ဆေးရုံများကိုဆိုလျှင် ကျပ်ငွေ ၅၀၀၀ သာကောက်ခံပြီး စက်မှုလုပ်ငန်းများအတွက်ဆိုပါက ကျပ်ငွေ ၁၅၀၀၀ ကောက်ယူရန် သတ်မှတ်ထား သည်ဟု သူက ပြောသည်။

စစ်တွေ အောက်စီဂျင်စက်ရုံတွင် တစ်လလျှင် ကျပ်သိန်း ၅၀ နှင့် ကျပ်သိန်း ၆၀ အထိ ကုန်ကျနေသည်ဟုလည်း ဆိုသည်။

အဆိုပါစက်ရုံတွင် ၄၀ လီတာ အောက်စီဂျင်ဗူးအရေအတွက် ၅၀၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ တွင် စစ်တွေမြို့ ဟိုတယ်ဆင်းလမ်း၌ တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အလားတူ ပေါက်တောမြို့ရှိ အောက်စီဂျင်စက်ရုံတွင်လည်း စက်ရုံတည်ထောင်ပြီး ၈ လအကြာ အခမဲ့ ဖြန့်ဝေ နိုင်ခဲ့သော်လည်း ရန်ပုံငွေခက်အခဲ‌ကြောင့် အောက်စီဂျင်ဗူးများဖြန့်ဝေရာတွင် အခကြေးငွေ ကောက်ယူနေရ သည်ဟု စက်ရုံထုတ်လုပ်ဖြန့်ဝေမှုတာဝန်ခံ ဦးမောင်သန်းဝင်းက ပြောသည်။

“ရန်ပုံငွေကိုချေးထားတယ်။ အဲဒီက ရလာတဲ့ အတိုးနဲ့လည်ပတ်နေပါတယ်။ အရင်းတွေကတော့ တတ်နိုင် သ လောက် ထုတ်မသုံးဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ စက်တစ်ခုခု ပျက်စီးသွားလို့ အကြီးစားပြုပြင်ရရင် ငွေအား ဖြင့် သိန်းရာဂဏန်းအထိ ကုန်ကျနိုင်လို့ပါ” ဟု ပြောသည်။

မိုခါမုန်တိုင်းမတိုက်မီအထိ အောက်စီဂျင်တစ်ဗူးကို ကျပ် ၅၀၀၀ နှုန်းဖြင့် ဖြန့်ဝေနိုင်ခဲ့သော်လည်း မိုခါတိုက်ပြီး နောက်ပိုင်း ပြီးခဲ့သည့် ဩဂုတ်လမှစ၍ ပြည်သူများသက်တောင့်သက်သာရှိစေရန် တစ်ဗူးလျှင် ကျပ် ၄၀၀၀ အထိ လျှော့ချကောက်ခံထားသည်ဟု ဆိုသည်။

ယင်းစက်ရုံတွင် ၄၀ လီတာ အောက်စီဂျင်ဗူးအရေအတွက် ၅၀ ခန့်ရှိပြီး ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပေါက်တော မြို့၊ အမှတ် (၁)ရပ်ကွက်၌ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်မြို့ရှိ အောက်စီဂျင်စက်ရုံတွင်လည်း မုန်ခါကြောင့် စက်ရုံခေါင်မိုးတစ်ခုလုံးနှင့် စက်ထဲသို့ ရေဝင်သွား ခဲ့သည့်အတွက် ပြန်လည်ပြုပြင်မွမ်းမံခဲ့ရာ ကျပ်သိန်း ၁၅၀ ကျော်ခန့် ကုန်ကျခဲ့သည်ဟု စက်ရုံတာဝန်ခံ ဦးသန်းထွန်းအောင် က နိရဉ္စရာကိုပြောသည်။

“မိုခါပြီးလို့ စက်ရုံပြင်နေတဲ့အချိန်မှာ ဘဏ်က ငွေထုတ်မရခဲ့တဲ့အတွက် အခက်အခဲရှိခဲ့တယ်။ အသိမိတ်ဆွေ တွေက အကူအညီတောင်းတော့ နောက်ပိုင်းအဆင်ပြေသွားပါတယ်” ဟု ပြောသည်။

အဆိုပါစက်ရုံမှ အောက်စီဂျင်ဗူးများကို ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံ၊ ယိုးတရုတ်တိုက်နယ်ဆေးရုံနှင့် အလယ်‌ ချောင်း တိုက်နယ်ဆေးရုံတို့တွင် အခမဲ့ဖြန့်ဝေလျက်ရှိသည်။

ယင်းစက်ရုံ၏ ရန်ပုံငွေများကို ဘဏ်တွင်အပ်နှံထားပြီး ရလာသည့်အတိုးနှုန်းဖြင့် သုံးစွဲမည်ဟု ရည်မှန်းထား‌ သော်လည်း မလောက်ငသည့်အတွက် အရင်းငွေကို ထုတ်သုံးနေရသည်ဟု ဦးသန်းထွန်းအောင်က ဆက် ပြော သည်။

“အရင်းထဲက ယူသုံးနေရင် တဖြည်းဖြည်း ရန်ပုံငွေ နည်းလာပြီး ရေရှည်မရပ်တည်နိုင်မှာကိုတော့ စိုးရိမ်တယ်။ အရေးပေါ်လိုအပ်တဲ့ လူနာတင်ယာဉ်တွေကိုလည်း ပံ့ပိုးတာတွေရှိတယ်။ ၄၀ လီတာဗူးတွေက ကြီးတော့လေ။ တင်ရပို့ရတော့ ခက်ခဲတယ်။၂၀ လီတာ ဗူးတွေ ထပ်ဖြည့်ချင်ပါတယ်။ စေတနာရှင်တွေအနေနဲ့ ပံ့ပိုးပေးရင်တော့ ပိုအဆင်ပြေလာနိုင်မှာပါ” ဟု ပြောသည်။

ထိုစက်ရုံတွင် တစ်လကုန်ကျငွေ ကျပ် ၈ သိန်းခန့်ရှိသည်ဟု သူက ပြောသည်။ ပုဏ္ဏားကျွန်းမြို့ရှိ အောက်စီဂျင် စက်ရုံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် ဂူဝတမံအနီး၊ ရန်ကုန် - စစ်တွေကားလမ်းဘေးတွင် စတင်ဖွင့်လှစ် ခဲ့ပြီး ၎င်းစက်ရုံတွင် ၄၀ လီတာဗူး ၁၀၀ ကျော်ခန့်ရှိသည်။

အဆိုပါ အောက်စီဂျင်စက်ရုံများသည် ယခင်က အချိန်ကာလတစ်ခုအထိ အခမဲ့ဖြန့်ဝေနိုင်ခဲ့သော် လက်ရှိတွင် ရန်ပုံငွေ အခက်အခဲများကြောင့် အခမဲ့ ဖြန့်ဝေနိုင်မှုမရှိကြခြင်း ဖြစ်သည်။

စေတနာရှင်များက အလှူငွေများထပ်တိုး လှူဒါန်းလာမည်ဆိုပါက အောက်ဆီဂျင်ဗူးများကိုလည်း အခမဲ့ဖြန့်ဝေ ပေးလာနိုင်မည်ဟု စက်ရုံတာဝန်ရှိသူများက ပြောကြသည်။

ရခိုင်တွင် ကိုဗစ်ကူးစက်ရောဂါဖြစ်ပွားလာသည့်‌နောက်ပိုင်း‌ အောက်စီဂျင်စက်ရုံများကို ၂၀၂၁ ခုနှစ်ကစပြီး ရခိုင်ရှိ မြို့အသီးသီး၌ ကိုယ်ထူကိုယ်ထ တည်ထောင်လာခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ရခိုင်တွင် အောက်ဆီဂျင်စက်ရုံများမရှိသည့်ကာလများ၌ ပြည်သူများအနေဖြင့် အောက်ဆီဂျင်ဗူးများကို အခြားပြည်မဘက်မှ ဈေးကြီးပေးဝယ်ယူသုံးစွဲခဲ့ရသည်ဟု သိရသည်။

ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ရခိုင်၌ အောက်ဆီဂျင်ဗူးလိုအပ်ချက် မြင့်တက်ခဲ့သည့်အတွက် ယခုကဲ့သို့ စက်ရုံများ တည်ဆောက်လာကြရခြင်း ဖြစ်သည်ဟု စက်ရုံတာဝန်ရှိသူများက ပြောသည်။

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...