မြိတ်မြို့စာသင်ကျောင်းက မိဘများထံမှ လျှပ်စစ်မီတာခကောက်

မြိတ်မြို့စာသင်ကျောင်းက မိဘများထံမှ လျှပ်စစ်မီတာခကောက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁)တွင် လျှပ်စစ်မီး မီတာခ များကို ကျောင်းသားမိဘများနှင့် ဆရာ/ဆရာမများထံမှ ကောက်ခံနေသည်ဟု ကျောင်းသားမိဘများက ပြော သည်။

ကျောင်းတွင် လျှပ်စစ်မီတာခ အကြွေးပေးဆပ်ရန် ကျပ်သိန်းဆယ်ချီပြီး ရှိနေသည့်အတွက် အောက်တိုဘာ လဆန်းပိုင်းမှ စတင်ပြီး ကျောင်းသားတစ်ဦးကို မီတာခငွေ ၅၀၀၀ ကျပ် ကောက်ခံနေသည်ဟု ကျောင်းသားမိဘ များက ပြောသည်။

ယခုကဲ့သို့ ကျောင်းသားမိဘများထံမှ လျှပ်စစ်မီး မီတာခ ကောက်ခံခြင်းမှာ ပထမဆုံးဖြစ်ပြီး ယခင်က တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“မီတာခကို ကျောင်းသားတိုင်း ကောက်တာမျိုး မဟုတ်ပါဘူး။ အိမ်ထောင်စု စာရင်းထဲမှာ ကျောင်းသား တစ် ယောက်ပဲရှိရှိ ဆယ်ယောက်ပဲရှိရှိ၊ တစ်ယောက်အတွက်ပဲ ၅၀၀၀ ကျပ် ကောက်ခံတာပါ။ ပိုပြီးမကောက်ပါဘူး၊ ဆရာ ဆရာမတွေဆီမှာလည်း ကောက်ခံပါတယ်” ဟု ကျောင်းအကျိုးတော်ဆောင် ကော်မတီအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီမှ ကျောင်းအထွေထွေ အသုံးစရိတ် ဘတ်ဂျက်ငွေများ ချပေးရာတွင် ကျောင်းသုံး လျှပ်စစ်မီတာခကို ရန်ကုန်တိုင်းမှ ယူနစ်ဈေးနှုန်းနှင့် တွက်ချက်ချပေးသဖြင့် မီတာခအကြွေးတင်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် အဆိုပါ အခက်အခဲများ ပြေလည်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းအကျိုးတော် ဆောင် ကော်မတီအဖွဲ့နှင့် အစည်းအဝေးလုပ်ကာ ဆုံးဖြတ်ချက်ချပြီးနောက် ယခုကဲ့သို့ကောက်ခံရခြင်း ဖြစ် ကြောင်း အထက်ပါ ကော်မတီ တာဝန်ရှိသူက ပြောသည်။

မဟာဓါတ်အားလိုင်း မရရှိသေးသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့၏ လျှပ်စစ်မီတာခမှာ လောင်စာဆီစျေး အတက် အကျ ပေါ်မူတည်၍ လစဥ်စျေးနှုန်းပြောင်းလဲမှုများ ရှိနေပြီး ဇူလိုင်လတွင် တယူနစ် ၁၀၀၈ ကျပ်၊ သြဂုတ်လတွင် ၁၀၇၅ ကျပ် နှင့် စက်တင်ဘာလအတွက် ၁၀၆၀ ကျပ်အထိ ပေးဆောင်နေကြရချိန်တွင် ရန်ကုန်တိုင်းမှ လျှပ်စစ် မီတာခစျေးနှုန်းမှာ တစ်ယူနစ် ၃၅ ကျပ်သာ ရှိနေသည်။

လက်ရှိကျောင်းတွင် ကြုံတွေ့နေရသည့် လျှပ်စစ်မီတာခ အသုံးစရိတ် မလုံလောက်မှုနှင့် ပတ်သက်ပြီးကြုံတွေ့ နေရသည့် ဘတ်ဂျက်ငွေ အခက်အခဲများကို သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနသို့ လစဥ်တင်ပြခဲ့သော်လည်း ပယ်ချခံနေရခြင်းကြောင့် ဆရာ/ဆရာမများကိုပါ မကျန် မီတာခကောက်ခံနေရခြင်းဖြစ်သည်ဟု ဆရာမ တစ်ဦးက ပြောသည်။

စစ်အာဏာမသိမ်းခင် ယခင်အစိုးရခေတ်များက ကျောင်း၏ အထွေထွေအသုံးစရိတ် ဘတ်ဂျက်များကို ဒေသနှင့် ကိုက်ညီအောင် တွက်ချက်၍ ချပေးလေ့ရှိပြီး လိုအပ်ချက်များရှိပါကလည်း ပညာရေးဝန်ကြီးဌာနသို့ ပြန်လည် တင်ပြလျှောက်ထားပါက ထပ်မံဖြည့်စွက်ပြီး ပြေလည်အောင် စီစဥ်ပေးလေ့ရှိခဲ့ကြောင်း ဆရာ/ဆရာမများက ပြောသည်။

မြိတ်မြို့ပေါ်တွင် အခြေခံပညာ အထက်တန်းကျောင်း (၆)ကျောင်းရှိသည့်အနက် အ.ထ.က (၁) ကျောင်းသည် ကျောင်းသား/ကျောင်းသူဦးရေ ၂၀၀၀ ကျော်ရှိနေပြီး စာသင်ကြားပေးနေသည့် ဆရာ/ဆရာမ ၁၅၀ ဦး ဝန်းကျင် ခန့် ရှိနေသဖြင့် ကျောင်းသားဦးရေ အများဆုံးရှိသည့် အထက်တန်းကျောင်း တစ်ကျောင်း ဖြစ်သည်။

Most read this week

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...