“စစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေအနေက ပြောင်းသွားနိုင်တယ်”

“စစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေအနေက ပြောင်းသွားနိုင်တယ်”

စက်တင်ဘာလ(၂၈) ရက်၊ နံနက် (၁၀) နာရီခွဲခန့်တွင် မြန်မာစစ်တပ်၏ ခါယာတောင်မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ၊ ရက္ခိုင့်တပ်တော်(AA) မုန်လိုက်ခတ်စခန်းအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် AA မှ ဗိုလ်ကြီးအဆင့်ရှိအရာရှိတစ်ဦး လက်နက်ကြီးကျည် ထိမှန်သ ကျဆုံးသွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူ အချို့ရှိခဲ့သည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ နားလည်မှုနှင့် အပစ်အခတ်ရပ်စဲထားသည့် ရခိုင်တွင် စစ်ကောင်စီက ရန်စမှုများ ဆက် လုပ်လာပါက ယုံကြည်မှုများပျက်ယွင်းသွားပြီး ယခုထက် တင်းမာသည့် အနေအထားမျိုးအထိ ရောက်သွားနိုင် ကြောင်း၊ “စစ်ကောင်စီက ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေအနေ က ပြောင်းသွားနိုင်ကြောင်း” ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုထားသည်။

ပစ်ခတ်ခံရမှုအခြေအနေအသေးစိတ်နှင့် ရခိုင်နိုင်ငံရေး၊ စစ်ရေးအပေါ် မည်သို့သက်ရောက်မှု ရှိနိုင်မည်ကို ဦးခိုင်သုခအား နိရဉ္စရာက ဆက်သွယ်မေးမြန်း တင်ဆက်ပေးလိုက်ပါသည်။

မေး - လိုင်ဇာမှာရှိတဲ့ အေအေတပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်ကနေပြီးတော့ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ အဲ့ဒီပစ်ခတ်မှုမှာ အေအေက အရာရှိတစ်ဦးကျဆုံးပြီးတော့ ထိခိုက်ဒဏ်ရာရရှိမှုတွေ လည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အခြေအနေ အသေးစိတ်ကိုပြောပြပေးလို့ ရနိုင်ပါမလား။

ဖြေ - ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ နံနက် ၁၀:၃၀ လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေစိုက်ထား တဲ့ ခါယာကုန်းတောင်ကြားကနေ လက်နက်ကြီးနဲ့လှမ်းပစ်တာရှိတယ်။ အဲ့ဒီမှာ လိုင်ဇာဧရိယာတွင်းမှာရှိတဲ့ မုန်း လိုင်ခတ်ပေါ့နော်။ အဲ့ဒီက ကျနော်တို့တပ်စခန်းတစ်ခုကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာရှိတယ်။ ကျွန် တော်တို့ဘက်က အရာရှိတစ်ယောက်နဲ့ နောက် ရဲဘော်တချို့ ဒဏ်ရာရရှိဝာာရှိတယ်ဗျ။ ဒဏ်ရာရရှိသွားတဲ့ ဗိုလ်ကြီးအဆင့်အရာရှိကတော့ ညနေ ၄:၀၀ နာရီလောက်မှာ အရေးပေါ်ဆေးကုသမှုခံယူနေရင်းနဲ့ ကျဆုံးသွား တယ်ဗျ။ ကျန်တဲ့ရဲဘော်တွေကတော့ ဆေးကုသမှုဆက်လက်ခံယူနေရတဲ့အနေအထားပေါ့။

မေး - ဒဏ်ရာရရှိတဲ့ ရဲဘော်အရေအတွက်ကရော ဘယ်လောက် ရှိပါသလဲ။

ဖြေ - အဲ့ဒီ အရေအတွက်အတိအကျကိုတော့ ခုထိ ကျွန်တော့်ဆီကို ပို့လာတာတော့ မရှိသေးဘူးခင်ဗျ။

မေး - ဒီပစ်ခတ်မှုက တိုက်ပွဲကြောင့်ဖြစ်လာတာပါလား။ ဘယ်လိုမျိုးကြောင့် ပစ်ခတ်ခံရတာပါလဲ။

ဖြေ - တိုက်ပွဲဖြစ်တာတော့ မရှိဘူး။ မြန်မာစစ်တပ်ရဲ့အခြစိုက်စခန်းပေါ့နော်။ ခါယာတောင်ကြောကနေ ပြောရ မယ်ဆိုရင် ရည်ရွယ်ချက်ရှိရှိနဲ့ပစ်ခတ်တာပေါ့ဗျာ။ အဲ့ဒီအနေအထားပါပဲ။ တစ်ခုရှိတာကတော့ လိုင်ဇာနဲ့ သိပ်မ ဝေးတဲ့နေရာ နမ်ဆမ်ရမ်ဆိုတဲ့ဒေသမှာတော့ မြန်မာစစ်တပ်ကနေ ထိုးစစ်ဆင်လာတဲ့ အတွက်ကြောင့်မလို့ KIA, PDF အပါအဝင်ပေါ့နော်။ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ တစ်လကျော်တော့ရှိပြီခင်ဗျ အဲ့ဒီဘက် မှာ။

မေး - အခုလိုပစ်ခတ်ခံရမှုအပေါ်မှာ ဆရာတို့အနေနဲ့ဘယ်လိုမျိုး တုံ့ပြန်ချင်ပါလဲ။ ဘယ်လိုမျိုးပြောချင်ပါလဲ။

ဖြေ - ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ရေးကိစ္စဖြစ်တဲ့အတွက်ကြောင့် ရက္ခိုင့်တပ်တော်စစ်ရုံးချုပ် ကနေပြီးတော့ သင့် တော်သလို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ကိစ္စကတော့ အခုချိန်ထိ ကျွန်‌တော့်ဆီကို ဘာမှရောက်လာတာမရှိသေးဘူးခင်ဗျ။

မေး - ဟုတ်ကဲ့ပါ။ တစ်ခုရှိတာကလေ။ ၂၀၂၂ ခုနှစ်ကလည်း တစ်ကျော့ပြန်တိုက်ပွဲမှာ အေအေ တပ်စခန်းတစ်ခု ကို စစ်ကောင်စီတပ်က လာရောက်ဗုံးကြဲပြီးနောက်ပိုင်း တစ်ကျော့ပြန် တိုက်ပွဲတွေဖြစ်လာတာဆိုတော့ ဒေသ ခံတွေ အနေနဲ့ကလည်း ရခိုင်မှာ လက်ရှိက အပစ်အခတ်ရပ်စဲ ထားတဲ့ကာလဖြစ်တယ်ဆိုတော့ ဒီအပေါ်မှာ ပြန် ပြီး တိုက်ပွဲဖြစ်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေ ရှိလာတာကိုလည်း တွေ့လာရပါတယ်။ ဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ - အဲ့ဒီလိုမျိုး ကံသေကံမ ပြောလို့တော့မရဘူးပေါ့နော်။ ဘာကြောင့်လဲဆိုရင် ရခိုင်မှာကျတော့ လူသားချင်း စာနာမှုဆိုင်ရာပစ်ခတ်ရပ်စဲရေးက အခုချိန်ထိတည်မြဲနေတုန်းလို့ ပြောလို့ရတယ်ပေါ့နော်။ ဒါကြောင့်မလို့ တဖက်နဲ့တဖက် ထိပ်တိုက်တွေ့မှုတွေ တချို့ရှိပေမယ့်လည်း ဒီတင်းမာမှုတွေကနေ တိုက်ပွဲဖြစ်ပွားတဲ့ အနေ အထားမျိုးတော့ မရှိသေးဘူးခင်ဗျ။ နောက်တစ်ခုရှိတာက လိုင်ဇာဘက် ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ ဌာန ချုပ်အခြေစိုက်ချထားတဲ့နေရာဘက်မှာ ထူးခြားချက် ကနေပြီးတော့ လုံခြုံရေးလိုအပ်ချက်အရပေါ့နော်။ ကျွန်တော်တို့ဘက်က ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေကို တပ်ဖြန့်ထားရတာတွေရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ မဟာမိတ်တွေနဲ့ ပူးတွဲပြီးတော့မှ လှုပ်ရှားနေရတဲ့အနေအထားတွေရှိတယ်။ အဲ့ဒီလိုအနေအထား တွေမှာ မြန်မာ စစ်တပ်ဘက်ကနေ ကျွန်တော်တို့ရှိတဲ့နေရာတွေကို ဝင်ရောက်လာလို့ရှိရင်တော့ မလွှဲမရှောင်သာ တိုက်ပွဲဖြစ်တဲ့ဟာတွေရှိတယ်။ ဒါကြောင့်မလို ဒီဘက်မှာ ဥပမာ ကချင်ပြည်ဘက် အခြားနေရာတွေမှာ တိုက်ပွဲ ဖြစ်ပေမယ့်လည်း ရခိုင်ဘက်မှာတိုက်ပွဲဖြစ်မယ်လို့ ကံသေကံမပြောလို့တော့မရဘူးပေါ့နော်။ ဒါပေမယ့်လို့ ဒီလိုမျိုး လက်နက်ကြီးဖြစ်ခတ်တဲ့ဖြစ်စဉ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကတော့ အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်ဗျ။

 ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ ကျွန်တော်တို့ KNU/KNLA တပ်မ ၅ ဧရိယာမှာရှိတဲ့ ရက္ခိုင့်တပ်တော် တပ်စခန်းတစ်ခုကို မြန်မာစစ်တပ်ဘက်ကနေ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက်ကြောင့်မလို့ ကျွန်တော်တို့  ရက္ခိုင့်တပ်တော်က တပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့တာရှိတယ်။ ဆိုတော့ အဲ့လို ဖြစ် စဉ်မျိုး နောက်ပိုင်းမှာ တဖက်နဲ့တဖက် တင်းမာမှုတွေမြင့်တက်လာပြီးတော့မှ တိုက်ပွဲဖြစ်တဲ့ အနေအထားထိ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်။

ဒါပေမယ့်လို့ ခုအနေအထားကတော့ အဲ့လိုမျိုးတထစ်ကျပြောလို့တော့ မရသေးဘူးပေါ့နော်။ နောက်ဆက်လက် ပြီးတော့မှ ဒီအခြေအနေ အခုအနေအထားထက် ပိုပြီးတော့မှ မြန်မာစစ်တပ်ဘက်က ဘာတွေလုပ်လာမလဲပေါ့ နော်။ သူတို့ဘက်က ကျွန်တော်တို့ ULA/AA ကို ဦးတည်ပြီးတော့မှ အဲ့ဒီလိုမျိုး ရန်စမှုတွေများလာလို့ရှိရင် အခြေအနေကပြောင်းသွားနိုင်တာပေါ့။ ဒါကြောင့်မလို့ အခုချိန်မှာတော့ ဘာဖြစ်မယ်ဆိုတာကတော့ အတိအကျ ပြောလို့မရသေးဘူးဗျ။

မေး - ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဆရာအနေနဲ့ ဘာများဖြည့်စွက်ပြီးပြောချင်တာများရှိပါလဲ။

ဖြေ - ဖြည့်စွက်ပြီးပြောချင်တာကတော့ အခုရခိုင်ဘက်မှာဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးက ဆက်ပြီးတော့ တည်တံ့နေတယ်။ ဒီလိုမျိုး တည်တံ့နေတဲ့အခြေအနေမှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက္ခိုင့်တပ်တော်တပ်စခန်းတွေကို ဦးတည်တိုက်ခိုက်တဲ့ပုံစံမျိုး ဆက်လက်ဖြစ်လာရင်တော့ ရရှိထားတဲ့ယုံကြည်မှုတွေ ပျက်ယွင်းသွားပြီးတော့မှ အခုထက် တင်းမာတဲ့အနေအထားမျိုးထိ ရောက်သွားနိုင်တယ်လို့ ကျွန်တော်ကတော့ အဲ့လို သုံးသပ်တာပေါ့ နော်။ ဒါပေမယ့် ဒီလိုမျိုးဖြစ်လာမယ်၊ မဖြစ်လာဘူးဆိုတာကလည်း မြန်မာစစ်တပ်ရဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေ အပေါ်မှာ အဓိက မူတည်တာပေါ့။

မေး - ဟုတ်ကဲ့ပါ ဆရာ။ အခုလိုမျိုးဖြေကြားပေးတဲ့အတွက်ကျေးဇူးပါရှင့်။

ဖြေ - ဟုတ်ကဲ့ ကျေးဇူးပါ။

October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...