ပုသိမ်မြို့ ပြည်သူ့အိမ်ရာနေထိုင်သူများ မောင်းထုတ်ခံရ

ပုသိမ်မြို့ ပြည်သူ့အိမ်ရာနေထိုင်သူများ မောင်းထုတ်ခံရ

ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက်ရှိ ပြည်တော်သာ ပြည်သူအိမ်ရာတွင် နေထိုင်ကြသော အိမ်ထောင်စု ၁၉၀ ကျော်ကို စစ်ကောင်စီက နေအိမ် တိုက်ခန်းအသီးသီးကနေ ဖယ်ရှားလိုက်သည်ဟု ပုသိမ် မြို့ခံများက ပြောသည်။

ဖယ်ရှားခံရသည့် အိမ်ထောင်စုများတွင် CDM ဝန်ထမ်း မိသားစုများနှင့် ခေတ်အဆက်ဆက် နေထိုင်ခဲ့ကြသော အငြိမ်းစားဝန်ထမ်း မိသားစုတို့ အများဆုံး ပါဝင်သည်ဟု ဆိုသည်။

အငြိမ်းစား စစ်ဗိုလ်တစ်ဦးက “ဒီမှာနေတဲ့သူ အများစုက NLD ထောက်ခံသူတွေ များတယ်။ မဲပေးခဲ့တုန်းကတော့ ကိုယ်တွေက မခိုးမဝှက်မဲ့ လူကောင်းသူကောင်းကို ရွေးပြီး မဲပေးခဲ့တယ်။ ဘယ်ပါတီနဲ့မှ ပတ်သက်မှုမရှိခဲ့ဘူး။ ဒါပေမယ့် ကိုယ်တို့ မိသားစုကိုလည်း ဖယ်ရှားခိုင်းတယ်။ ဆွဲချမယ်ဆိုလို့ အတော်စောစောကတည်းက တိုက် ခန်းပေါ်က ဆင်းပေးလိုက်တယ်” ဟု ‌ပြောသည်။

အိမ်ထောင်စု ၁၉၀ ကျော်ကို စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်နေ့တွင် နေအိမ် တိုက်ခန်း အသီးသီးမှ ဖယ် ရှားလိုက်ခြင်း ဖြစ်သည်။

ပြည်တော်သာအိမ်ရာတွင် နေထိုင်ကြသူများထဲ အောက်ခြေ ဌာနဆိုင်ရာဝန်ထမ်းနှင့် အငြိမ်းစား မိသားစုတို့ အများစု နေထိုင်ကြပြီး စစ်ကောင်စီ၏ အိုးအိမ်ဦးစီးဌာနကို အိမ်ငှားရမ်းခ ပေးသွင်းကာ မိသားစု စဉ်ဆက် အစိုး ရဝန်ထမ်း အဖြစ်နေထိုင်ကြသူများ ဖြစ်သည်။

ပြည်တော်သာအိမ်ရာကို ဖျက်သိမ်းပြီး အဆင့်မြင့် အိမ်ရာစီမံကိန်း အသစ် တည်ဆောက်ရန်ရှိသည့် အတွက် ယင်း အိမ်ရာတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် ပြီးခဲ့သော ဇူလိုင်လ ပထမပတ်ကတည်းက အကြောင်းကြား သတိပေးခဲ့သည်ဟု အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူ က ‌ပြောသည်။

ပြည်တော်သာ အိမ်ရာတွင် နေထိုင်ကြသော မိသားစု ၃၅၀ ရှိသည့် အနက်  မိသားစု ၁၉၀ ကိုသာ အိမ်ရာစည်း ကမ်းနှင့် မကိုက်ညီသော‌ကြောင့် ဦးစွာ ဖယ်ရှားခိုင်းပြီး စစ်ကောင်စီ၏ ဌာနဆိုင်ရာအသီးသီးတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ကျန်မိသားစုများကိုမူ ယာယီနေထိုင်ခွင့်ပြုထားဆဲဟု အိုးအိမ်ဦးစီးဌာနက ပြောသည်။

ဖယ်ရှား ခံရသည့် မိသားစု အများစုမှာ အောက်ခြေ ဝန်ထမ်း မိသားစု အများအပြားဖြစ်ပြီး မိုးရာသီ ကာလ အတွင်း အစောတလျှင် ဖယ်ရှားပေးခဲ့ရသည့်အပြင် နေအိမ် မြေယာ ပိုင်ဆိုင်ကြသူများ မဟုတ်ကြသည့် အတွက် အခက်အခဲများစွာ ဖြစ်ရသည်ဟု ဖယ်ရှားခံရသူများက ပြောသည်။

“အဖေနဲ့အမေက ပညာရေးဌာနက ပင်စင်စားတွေပါ။ ကျနော်က လက်ရှိ ဝန်ထမ်း၊ မိန်းမက CDM လုပ်တယ်။ ကလေးနှစ်ယောက်က အထက်တန်း ကျောင်းသားတွေ။ အခုလို နှင်ထုတ်ခံရတော့ အဖေနဲ့ အမေရဲ့ ချွေးနဲ့စာ စုဆောင်းထားတာလေးကို ရောင်းချပြီး မြေတို့ အိမ်တို့ မဝယ်နိုင်လို့ အိမ်ငှားရတယ်။ ကျနော်ထက် ဆိုးရွားတဲ့ အခြေအနေနဲ့ သူတွေလည်း ရှိသေးတယ်” ဟု အသက် ၄၅ နှစ်အရွယ် NON CDM ဝန်ထမ်းတစ်ဦး က ပြောသည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်အစိုးရက ၁၉၉၄ ခုနှစ်တွင် ပြည်တော်သာ အိမ်ရာကို ဝန်ထမ်းအိမ်ရာ အဖြစ် အမည်ပြောင်းကာ ၂၀၁၄ ခုနှစ်တွင် လုံးချင်းအိမ်ရာများ အပါအဝင် အထပ်မြင့် တိုက်ခန်းအိမ်ရာ အခန်းပေါင်း ၃၅၀ ရှိသော ပြည်တော်သာအိမ်ရာကို ဖျက်သိမ်းပြီး အထပ်မြင့်တိုက်ခန်းပေါင်း ၅၀၀ ပါဝင်သည့် မနောသုခ အိမ်ရာ စီမံကိန်းကို တည်ဆောက်ရန် စီစဉ်ခဲ့သည်။

ပြည်တော်သာ အိမ်ရာက ဝန်ထမ်းအိမ်ရာ မဟုတ်ဘဲ ပြည်သူ့အိမ်ရာဖြစ်ကြောင်း ပြည်တော်သာ အိမ်ရာတွင် နေထိုင်‌သော အိမ်ထောင်စု ၂၇၀ ကျော်က ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ထံ ပြည်တော်သာ အိမ်ရာကို မဖျက်သိမ်းရန် တင်ပြကန့်ကွက်ခဲ့ဘူးကြသည်။            

မနှောသုခ အိမ်ရာ စီမံကိန်းကို ၂၀၁၀ ခုနှစ်တွင် အာဏာရအစိုးရနှင့် ပုသိမ်မြို့ခံလုပ်ငန်းရှင် ၉ ဦး ပါဝင်သော Nine Engineering Group  Co. Ltd တို့ အကျိုးတူ လုပ်ငန်းအဖြစ် စီစဉ်ခဲ့သော်လည်း လက်ရှိ ပြည်တော်သာ  အိမ်ရာကို ဖျက်သိမ်းပြီး တည်ဆောက်မည့် အိမ်ရာ စိမံကိန်း အသစ်ကိုမူ စစ်ကောင်စီက မည်သူလုပ်ဆောင် မည်ကို အတည်ပြုချက် မရယူနိုင်သေးပေ။

ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်၊ ဘူတာလမ်းနှင့် အမှတ် ၆ ရပ်ကွက် ဗိုလ်ဘဌေး လမ်းမကြီး အကြားတွင် ရှိသော ပြည်တော်သာအိမ်ရာ စီမံကိန်းကို ၁၉၅၁ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ တဝှမ်းလုံး မြို့ ကြီးများတွင်လည်း အိမ်ရာပေါင်း ၄၆ နေရာ တည်ဆောက်ခဲ့ကာ အငှားအိမ်ရာအဖြစ် သားစဉ်မြေးဆက် နေထိုင် ခွင့်ရှိသည်ဟု အသက် ၇၀ ကျော်အရွယ်ရှိ အိုးအိမ်ဦးစီးဌာနက အငြိမ်းစားတစ်ဦး၏ ပြောပြချက်အရ သိရသည်။

Most read this week

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...