နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွှေ့

နမ်ဆန်ယန်စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက် ပြောင်းရွှေ့
ဇူလိုင်လ ၅ ရက်နေ့ နမ်ဆန်ယန်ဒေသခံတချို့ ကဇူးဘက် စစ်ရှောင်လာစဉ် (ပုံဟောင်း)
ဇူလိုင်လ ၅ ရက်နေ့ နမ်ဆန်ယန်ဒေသခံတချို့ ကဇူးဘက် စစ်ရှောင်လာစဉ် (ပုံဟောင်း)

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်၊ ကဇူးရွာမှာ စစ်ရှောင်နေတဲ့ နမ်ဆန်ယန်ဒေသခံ စစ်ရှောင်တွေ အောင်မြေ (၁) ကျေးရွာဘက်ကို ပြောင်းရွှေ့နေထိုင်နေပြီလို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။

လက်ရှိ ပြောင်းရွေ့နေထိုင်တဲ့ အောင်မြေ (၁) ကျေးရွာမှာ စစ်ရှောင်နေရာကို ဩဂုတ်လကတည်းကနေ သက်ဆိုင် ရာ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းတော် ဇုံနယ်တာဝန်ရှိသူတွေကနေ ကြိုတင်ပြင်ဆင်ထားတာ ဖြစ်တယ်လို့ ကဇူးရွာခံတစ်ယောက်က ပြောပါတယ်။

“မနေ့ညနေကနေ စရွှေ့ပြီ အိမ်ထောင် ၄ အိမ် အရင်ရွှေ့နှင့်ပြီး ဒီမနက်တော့ အားလုံးအကုန် အပြီးအစီး ရွှေ့ ပြောင်းပြီ။ ရွှေညောင်ပင်ဘက်ကနေ ကား ၅ စီလောက် နဲ့ လာခေါ်တယ်။ အစကတည်းက သူတို့လည်း တခြား နေရာကိုတော့ စစ်ရှောင်ဖို့လုပ်ပေမဲ့ ကျနော်တို့ဘက်က အခြားနေရာတွေမှာ မပြင်ဆင်ပေးနိုင်သေးတော့ ကဇူး မှာပဲ ခဏထားထားပြီး စစ်ရှောင် နေရာထိုင်ခင်း ပြင်ဆင်ပေးနေတဲ့ အတောအတွင်း အခုလို အရေးပေါ် စစ်ကြောင်းတွေကြောင့် လုံခြုံမှုကင်းမဲ့လာတော့ အရေးပေါ် ပြောင်းဖို့လုပ်ရာကနေ ပြည်နယ်ဝန်ကြီးဘက်က လည်း အမိန့်ညွှန်ကြားချက်ရောက်တော့ အမြန်ဆုံး ပြောင်းရွှေ့သွားတာပေါ့” လို့ စစ်ရှောင်ကူညီနေသူ က ပြောပါတယ်။

စစ်ရှောင်တွေအတွက် နေရာထိုင်ခင်းတွေ ဆောက်လုပ်တာ မပြီးစီးသေးပေမယ့် လုံခြုံရေး အခြေအနေအရ အမြန် ပြောင်းရွှေ့လိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ် စစ်ကောင်စီရဲ့ နယ်လုံဝန်ကြီးဘက်ကလည်း နမ်ဆန်ယန်စစ်ရှောင်တွေကို ကဇူး ကျေးရွာကနေ အောင်မြေ (၁) ဘက်ကို ပြောင်းရွှေ့ဖို့ ညွန်ကြားလာတာကြောင့် စစ်ရှောင် အိမ်ထောင်စု ၂၀၊ လူဦးရေ ၅၀ ခန့် ပြောင်းရွှေ့နေထိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

“အခက်အခဲရှိတယ်။ မိသားစုလိုက်နေဖို့ အဆင်မပြေဘူး။ နေရာအရမ်းကျဉ်းတယ်။ ပစ္စည်းတွေ ထားလိုက်တာနဲ့ လူကအိမ်မရတော့ဘူး။ မီးဖိုချောင်လည်းမပြီးစီးတော့ နေရာကျဉ်းကျဉ်းလေးပဲ။ ပြီးစီးဖို့ တော်တော်များများ တော့ လိုသေးတော့ အခက်အခဲရှိတယ်။ တန်းလျားအဆောင် ဆောက်ပေးထားတာ ဟုတ်တယ်။ လုံးချင်းတော့ မဟုတ်ဘူး။ တစ်ခန်းကို ၁၂ ပေ ၈ ပေ လောက်ရှိမယ်” လို့ ကဇူးဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှာ ကဇူးကျေးရွာရှိ နမ်ဆန်ယန်က ပြည်သူတွေ ခေတ္တ စစ်ရှောင်နေထိုင်ကြတဲ့ ကချင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း ၏ အသင်းတော်ဝင်းထဲ ပြည်သူ့စစ်တပ်ဖွဲ့ တွေက ကားနဲ့ဝင်လာပြီး လူသားဒိုင်းအဖြစ် စစ်ရှောင်အမျိုးသား ၈ ယောက်ကို ဆွဲခေါ် ဖမ်းဆီးသွားပါတယ်။

အဲ့ဒီနောက် ဖမ်းဆီးသွားတဲ့နေ့မှာပဲ အသင်းတော်တာဝန်ရှိသူတွေက လိုက်လံတောင်းဆိုတဲ့ အတွက် ည ၇ နာရီမှာ ၈ ယောက်လုံး ပြန်လွတ်လာပြီး တစ်ဦးကတော့ ခြေထောက်မှာ မိုင်းထိဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် လဆန်းပိုင်း စစ်တပ်က နမ်ဆန်ယန်ဘက်ကို ဝင်ရောက်ဖို့ ကြိုးစားလာချိန်ကတည်းက တိုက်ပွဲ ဖြစ်ပွားလာခဲ့လို့ ဒေသခံတွေဟာ ဝိုင်းမော်မြို့နဲ့မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးခိုလှုံနေရတာ ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား KIO ဌာနချူပ်အနီး နမ်ဆန်ယန်ဘက်မှာ တိုက်ပွဲအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းတွေ ဆက်ထိုးနေတာကြောင့် အဲ့ဒီ လမ်းပိုင်းမှာရှိတဲ့ ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြရတာလည်း ဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...