KIA တပ်ရင်း (၁၄) လက်အောက်ရှိ ရှေ့တန်းစခန်းငယ်တစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ် တိုက်ခိုက်သိမ်းပိုက်

KIA တပ်ရင်း (၁၄) လက်အောက်ရှိ ရှေ့တန်းစခန်းငယ်တစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ် တိုက်ခိုက်သိမ်းပိုက်
KIA ရှေ့တန်းစခန်းငယ်တစ်ခု။ (ပုံဟောင်းဖြစ်ပါသည်)
KIA ရှေ့တန်းစခန်းငယ်တစ်ခု။ (ပုံဟောင်းဖြစ်ပါသည်)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၁၄ လက်အောက်က ရှေ့တန်းစခန်းငယ်တစ်ခုကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က တိုက်ခိုက်သိမ်းပိုက် လိုက် ပါတယ်။

ဝါရာဇွပ်ပြည်သူ့စစ် တပ်သားအင်အား ၂၀ ကျော်လောက်ဟာ KIA ရဲ့ ရှေ့တန်းစခန်း (ကနွယ်ဒူပို့စ်) ကို အောက်တို ဘာလ ၂ ရက်နေ့၊ မနက် ၄ နာရီခွဲလောက်က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စခန်းဆုတ်ပေးလိုက်ရတယ်လို့ KIA တပ်ရင်း(၁၄) မှ အရာရှိတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“သူတို့က ပြန်သိမ်းပြီး ပြန်သွားကြတယ်။ ၄ နာရီခွဲလောက်မှာ။ လူသုံးယောက်၊ လေးယောက်ပဲ ရှိတဲ့ ရှေ့တန်း စခန်းတစ်ခုပေါ့” လို့ အထက်ပါ KIA အရာရှိက ဆိုပါတယ်။

အဲဒီတပ်စခန်းဟာ ရှေ့တန်းစခန်းငယ်တစ်ခုသာ ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာတဲ့အချိန် ၁၀ မိနစ်လောက်အကြာ နှစ်ဖက်ကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး KIA ဘက်က ထိခိုက်သေဆုံးမှု မရှိပေမဲ့ လက်နက်ခဲယမ်းတချို့ ဆုံးရှုံးလိုက်ရတယ်လို့ KIA အရာရှိက ဆိုပါတယ်။

ငါးကန်နဲ့ ကနွယ်ဒူ ကြားမှာရှိတဲ့ စခန်းတစ်ခုကို အောက်တိုဘာလ ၂ ရက်နေ့၊ မနက်ပိုင်းက သွားရောက်တိုက်ခိုက် သိမ်းပိုက်ပြီးတော့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝါရာဇွပ်ပြည်သူ့စစ်ခေါင်းဆောင် ဦးမင်း ဇေသန့်က လည်း မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ကနွယ်ဒူပိုစ့်ကို ၅ နာရီလောက်မှာ သိမ်းပြီးတယ်လို့ သတင်းပို့တယ်။ သူတို့ကတော့ ထိခိုက်တာတွေရှိတယ်။ ဒဏ်ရာရတဲ့ လူနာတွေကို ဆွဲခေါ်ပြီးမှ သူတို့ဆုတ်သွားတာရှိတယ်။ အစ်ကိုတို့ကတော့ လက်နက်တွေ ခဲယမ်း တွေ ရလိုက်တာ ရှိတယ်ပေါ့နော်။ စခန်းရလိုက်တယ်ပေါ့” လို့ ဦးမင်ဇေသန့်က ရှင်းပြပါတယ်။

အဲ့ဒီ ရှေ့တန်းစခန်းဟာ ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့ နီးကပ်တာကြောင့် လိုအပ်ချက်အရ မဖြစ်မနေ ထိန်းချုပ်တဲ့ သဘောဖြစ်ပြီး အဲ့ဒီစခန်းမှာ စခန်းချတာတော့ မရှိဘူးလို့လည်း ပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေ သိမ်းယူလိုက်တဲ့ ကနွယ်ပိုစ့်ဟာ ရှဒူးဇွပ်ကျေးရွာအနောက် ၂ မိုင်လောက်ဝေးတဲ့ နေရာမှာ တည်ရှိတာဖြစ်ပြီး အင်အား ၁၀ ဦး ဝန်းကျင်လောက်ပဲရှိတဲ့ ရှေ့တန်းစခန်း တစ်ခုဖြစ်တယ်လို့လည်း KIA အရာရှိက ပြောတယ်။

လက်ရှိ ရှဒူးဇွပ်ဒေသဘက်မှာ နှစ်ဖက်လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ရှိနေပြီး တိုက်ပွဲလည်း ဆက်လက်ဖြစ်ပွားနိုင်တဲ့ အနေအထားရှိတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

Most read this week

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...