ခေါင်းဆောင်ဟောင်းများနှင့် တွေ့ဆုံခြင်းက စစ်ကောင်စီအတွက် အကျိုးရှိမည်မဟုတ်ကြောင်း KNU ပြော

ခေါင်းဆောင်ဟောင်းများနှင့် တွေ့ဆုံခြင်းက စစ်ကောင်စီအတွက် အကျိုးရှိမည်မဟုတ်ကြောင်း KNU ပြော

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် လက်ရှိတွင် ဩဇာအာဏာ သက် ရောက်မှု မရှိတော့သည့် ခေါင်းဆောင်ဟောင်းများအား ဖိတ်ကြားတွေ့ဆုံခြင်းက အကျိုးရလဒ် တစ်စုံတစ်ရာ ရှိမည် မဟုတ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး က ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကာကွယ်ရေး ဌာနမှူး ဟောင်း ပဒိုရောဂျာခင်နှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်နှင့် အဖွဲ့အား နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာခန်းမဆောင်၌ သွားရောက်တွေ့ဆုံခဲ့ ကြ ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာများမှ သတင်းထုတ်ပြန်ခဲ့ပြီးနောက် KNU က ထိုသို့ တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဥ်သည် စစ်ကောင်စီ၏ လူပုဂ္ဂိုလ်အရ ဖိတ်ကြားမှုအပေါ် KNU ဥက္ကဋ္ဌဟောင်းနှင့်အဖွဲ့က တွေ့ဆုံခဲ့ ကြခြင်းဖြစ်ပြီး ခေါင်းဆောင်ဟောင်းများ ဖြစ်သည်နှင့်အညီ အစည်းအရုံးတွင် ဩဇာသက်ရောက်မှု မရှိတော့ သောကြောင့် စစ်ကောင်စီအတွက် အကျိုးမရှိကြောင်း ပဒိုစောကလယ်စေးက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“စစ်ကောင်စီဘက်ကတော့ အခုလိုအချိန်မှာ သူတို့အတွက် ကောက်ရိုးလေး တစ်မျှင်များ ဖြစ်လေ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ဖိတ်ရခြင်းဖြစ်တယ်။ ဒီလောက်နဲ့ သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးကြီးကို ကယ်တင်နိုင်မလားဆိုတာ စဥ်း စားစရာလည်း ဖြစ်သလို ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာလည်း ပြောလို့  ရပါတယ်။ အဲဒီလိုပဲ သူတို့ဘက်က ပိုပြီး တော့ ပရမ်းပတာလုပ်လာမယ်ဆိုတာလည်း ကျနော်တို့ ခန့်မှန်းသုံးသပ်ထားပြီးသားပါ” ဟု ပဒိုစောကလယ်စေး က ပြောသည်။

ထို့အပြင် တွေ့ဆုံမှုတွင်ပါဝင်သော ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းသည် ၎င်း၏ တာဝန်များအား ဆက် လက် လုပ်ဆောင်နေခြင်း မရှိတော့သောကြောင့် တွေ့ဆုံမှုမှတဆင့် စစ်ကောင်စီအတွက် အကျိုးရှိမည် မဟုတ်သ လို KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် ရလဒ်တစ်စုံတစ်ရာအနေ ဖြင့် ထူးခြားမှုရှိမည် မဟုတ်ကြောင်းလည်း KNU ပြောခွင့်ရက ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ရှိ မီဒီယာများမှ နှစ်ဖက်ပြောဆိုမှုအား ထုတ်ပြန်ထားချက်အရ စစ်ကောင်စီ က KNU ဥက္ကဋ္ဌဟောင်းအား NCA တွင် လက်မှတ်ရေးထိုးခဲ့သော ကရင်တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးအနေဖြင့် လူထု ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေဆဲ ဖြစ်သောကြောင့် နယ်မြေတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပေးရန် ဖိတ်ခေါ်ပြောကြားစေခဲ့ကြောင်း သိရသည်။

ထို့နောက် KNU ဥက္ကဋ္ဌဟောင်းနှင့် အဖွဲ့က အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက အမုန်းတရားဖြင့် လုပ်ဆောင် ခြင်း၊ လက်နက်ကိုင်လမ်းစဥ်နှင့် လုပ်ဆောင်ခြင်းဖြင့် မရနိုင်သလို တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးကိုသာ ဆောင်ရွက် ၍ NCA လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်လှမ်းရမည် ဖြစ်ကြောင်းတို့အား ပြောကြားခဲ့သည်ဟု ၎င်းမီဒီ ယာများက ဆက်လက် ဖော်ပြထားသည်။

ယခုလ အောက်တိုဘာ ၁၅ ရက်နေ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ချုပ်ဆိုခြင်း ၈ နှစ်ပြည့် ဖြစ်သောကြောင့် ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးအဖွဲ့နှင့် အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုသည် မရှေးမနှောင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၎င်းတွေ့ဆုံမှုသည် စစ်ကောင်စီက KNU နှင့် အခြား တော်လှန်ရေးအင်အားစုများ အကြား အမြင် သဘော ထား ချင်း ကွဲလွဲစေရန် လုပ်ဆောင်ခြင်းဖြစ်သလို အပစ်ရပ်စာချုပ် NCA ကို အသက်သွင်းလိုသော သဘောဖြစ် ကြောင်း တိုင်းရင်းသား နိုင်ငံအရေးလေ့ လာသုံးသပ်သူ နိုင်ဗညားမွန်က သုံးသပ်ပြောဆိုသည်။

၎င်းက “လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့၊ NCA နှစ်ပတ်လည်နေ့မှာ ပါဝင်တဲ့ ခေါင်းဆောင်တွေကို တစ်ဦး ချင်းပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းအနေနဲ့ပဲဖြစ်ဖြစ် စစ်ကောင်စီက ဖိတ်ဖို့ ကြိုးစားနေတယ်။ NCA အသက်ဝင်ရင် ၂၀၀၈ ခြေ/ဥ က အသက်ဝင်မယ်။ အဲ့လိုကနေ စစ်ကောင်စီက သူတို့ကို နိုင်ငံတ ကာကနေ တရားဝင် အစိုးရ အဖြစ် အသိမှတ်ပြုတာခံရဖို့ မျှော်လင့်တာပေါ့။ တဆက်တည်း KNU နယ်မြေတွေမှာ တိုက်ပွဲတွေဖြစ်နေပြီး NCA လမ်းကြောင်းကပျက်ပြယ်နေပြီဆိုတော့ သူတို့ရဲ့ ဒီကြိုးစားမှုက အလုပ်ဖြစ်မယ်လို့တော့ ကျနော်မမြင်ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက KNU ခေါင်းဆောင်ဟောင်းများနှင့်တွေ့ဆုံပြောဆိုမှုတွင် ၎င်းတို့အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA ပေါ်တွင်သာ ရပ်တည်ပြီး တစ်နိုင်ငံလုံးငြိမ်းချမ်းရေးဆောင်ရွက်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း ဖိတ်ခေါ်ထားသေးသည်။

လက်ရှိတွင် စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် NCA အပစ်ရပ်အဖွဲ့များနှင့် ငြိမ်းချမ်း  ရေးဆွေးနွေးရန် တွေ့ဆုံမှုများ မကြာခဏပြုလုပ်လျက်ရှိသော်လည်း ၂၀၂၁ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ KNU က စစ် အုပ်ချုပ်မှုဆန့်ကျင်သော တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ပွဲဝင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားလျက်ရှိသလို စစ်ကောင်စီက ဖိတ်ခေါ် သော ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခြင်းမရှိတော့ပေ။

“ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ကတော့ ကျနော်တို့ ချမှတ်ထားတဲ့လမ်းစဥ်တွေအတိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာကတော့ အတိအကျ ပြောချင်တယ်” ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ဆက်လက်ပြောဆိုသည်။

 ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ KNU ထိန်းချုပ်နယ်မြေများ အတွင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များ၏ စစ်ဆင်ရေး ဖော်ဆောင်နိုင်မှုကြောင့် စစ်ကောင်စီ စခန်းပေါင်း (၆၀) ကျော် ဆုံးရှုံးလိုက်ရသည်။

ထို့အပြင် စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သော နယ်မြေ ကျဥ်းမြောင်းလာမှုကြောင့် လက်နက်ကြီးနှင့် လေ ကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုလာခဲ့ရာမှ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၆ သိန်း ၃ သောင်းကျော်အထိ တိုးမြင့်လာရသည်ဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် - KPSN ၏ မှတ်တမ်း အစီရင်ခံစာအရ သိရသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...