တောင်ကြာအင်းလမ်းပိုင်းတွင် လူကုန်ကူးမှု၊ မူးယစ်ဆေးနှင့် လိုင်စင်မဲ့ကား သယ်ဆောင်မှုများ မြင့်တက်လာနေ

တောင်ကြာအင်းလမ်းပိုင်းတွင် လူကုန်ကူးမှု၊ မူးယစ်ဆေးနှင့် လိုင်စင်မဲ့ကား သယ်ဆောင်မှုများ မြင့်တက်လာနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာ လမ်းပိုင်းမှာ စစ်ကောင်စီတပ်အပါအဝင် စစ်တပ် နှင့် ပူးပေါင်းထားသည့် ကရင်လက်နက်ကိုင်အဖွဲ့များသည် တိုက်ပွဲဖြစ်ပွားရာဒေသအတွင်း လူကုန်ကူးမှု၊ မူးယစ် ဆေးများ၊ လိုင်စင်မဲ့ကားများ သယ်ဆောင်မှု ပိုမိုလုပ်ဆောင်နေသည့် လမ်းပိုင်းဖြစ်လာနေကြောင်း တောင်ကြာ အင်း ဒေသခံများက ပြောသည်။

“အခုတလောက ကျနော်တို့ဘက်မှာ တိုက်ပွဲဖြစ်တာပစ်ကြတာက တစ်ပိုင်းပဲ။ မူးယစ်ဆေးဝါး ရောင်းတာ၊ ရိုဟင် ဂျာတွေ သယ်ပို့နေတာ၊ ဝစ်သောက်ကား(လိုင်စင်မဲ့)တွေ မောင်းဆင်းနေတာ၊ ခနောက်စိမ်းကားတွေက ပုံမှန်လို ပဲ။ ဂိတ်ကြေးပိုက်ဆံပေးပြီးသွားနေကြတယ်။ အရပ်သား ရွာသားကား တွေကျတော့ သွားလာလို့ မရဘူး။ အခု က စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တွေ အကုန်လုံးက ငွေတောင်း ဂိတ်ထောင်စားတာကနေ ဝင်ငွေ ကောင်းနေကြတယ်” ဟု တောင်ကြာအင်း ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း တောင်ကြာအင်း ဘုန်းကြီးကျောင်း၊ တောင်ကြာအင်း အထက်တန်းကျောင်း၊ တောင်ကြာ  အင်း ဟောင်သရောမြစ်ကူး တံတားအနီး ဝန်းကျင်နေရာများတွင် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ - KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံ တစ်ထောင် ကျော် နေရပ်စွန့်ခွာရှောင်တိမ်း နေကြရသည်။

စက်တင်ဘာ ၂၈ ရက်နေ့က KNDO ပူးပေါင်းတပ်များ စစ်တပ်တပ်စွဲထားသည့် တောင်ကြာအင်း ဘုန်ကြီး ကျောင်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ၂ ဦးသေဆုံး ၁ ဦးထိခိုက်ဒဏ်ရာ ပြင်းထန်ရခဲ့ ကြောင်း စစ်ရေးသတင်းအရင်းအမြစ် ပြောဆိုချက်အရ သိရသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ၉ တိုင်လမ်းဆုံလမ်းပိုင်းမှ တောင်ကြာအင်း၊ လောင်းကိုင်၊ ဖားကျ၊ နောင်တလာကျေးရွာများဘက်တွင် စစ်တပ်နှင့် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့တို့ ကျော‌ ထောက်နောက်ခံပြု အကောက်ငွေ ပေးဆောင်ထားသူများမှ ရိုဟင်ဂျာလူမျိုးများအား လူကုန်ကူးပို့ ဆောင်မှု၊ လိုင်စင်မဲ့ကားများ ပို့ ဆောင်နေမှုများအား ငွေကြေးသိန်းချီပေးဆောင်ကာ နေ့စဉ်လုပ်ဆောင် နေကြကြောင်း ၎င်းဒေသခံက ဆက် ပြောသည်။

“လမ်းမတန်းမှာက နေ့တိုင်း စစ်တပ်နဲ့ PC တို့ DKBA တို့၊ BGF တို့ငွေတောင်းနေတာက ဘာသာခြား (ရိုဟင်ဂျာ) သယ်ပို့ပေးတဲ့ကား၊ ဝစ်သောက်ကား၊ တွေဖြတ်မောင်းရင် တစ်စီးငွေတစ်သိန်းပေးရတယ်၊ ဂိတ်တွေက အများ ကြီး သူတို့တွေကတော့ ပစ်ခတ်နေလည်း ငွေတောင်းတာက လုပ်နေနေကြတာပဲ” ဟု ထိုတောင်ကြာအင်း ဒေသခံက ပြောသည်။

ထို့အပြင် ကျေးရွာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ လွတ်လပ်စွာ ရောင်းဝယ်သုံးစွဲ ရနေသည့် အဆင့်သို့ ရောက်လာနေပြီး ဖမ်းဆီးထိန်းချုပ်အရေးယူမည့်သူမရှိဖြစ်နေကြောင်း လောင်းကိုင်ကျေးရွာ ဒေသခံတစ်ဦးကလည်း သူမျက်မြင်တွေ့ကြုံရသည့် အခြေအနေကို ယခုကဲ့သို့ ပြောသည်။

“အခု ရွာဘက်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်း (လက်နက်ကိုင်) က ဆွေမျိုးတို့၊ မိသားစုဝင်တို့က အခု မူးယစ်ဆေးရောင်းတာ တော်တော်အလုပ် ဖြစ်နေကြတယ်။ လက်နက်ကိုင်နဲ့ ပတ်သက်တယ်ဆိုတော့ မပြောရဲ မဆိုရဲကြဘူး။ ဒေသ KNU/KNLA တော်လှန်ရေး တပ်ဖွဲ့တွေကလည်း ထိထိရောက်ရောက် ဖမ်းဆီးတာ၊ အရေးယူ တာ မလုပ်ကြတော့ ပိုဆိုးလာတယ်။ ဆေးသုံးဆေးစွဲတဲ့ သူတွေထဲမှာ တော်လှန်ရေးအဖွဲ့သားတွေရော၊ ကျေးရွာ လူငယ်တွေရော ပိုပေါလာတယ်” ဟု ထိုလောင်းကိုင် ကျေးရွာဒေသခံက ပြောသည်။

လက်ရှိ ကိုးတိုင်၊ တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာများဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လုပ်နေပြီး တော်လှန်ရေးပူးပေါင်းတပ်များက စစ်တပ်နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ပြောက်ကျားပစ်ခတ်မှုများ ဆက်လက် တိုက်ခိုက်နေကြောင်း ပူးပေါင်းတပ်ဖွဲ့ များ၏ စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...