စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲသည့် စစ်ကောင်စီတပ် ထွက်ခွာပေးရန် ဒေသခံများ တောင်းဆို

စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် တပ်စွဲသည့် စစ်ကောင်စီတပ် ထွက်ခွာပေးရန် ဒေသခံများ တောင်းဆို

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) နယ်မြေ၊ ကျုံဒိုးမြို့နယ် တောင်ကြာ အင်းကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်းထဲတွင် ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်များ ထွက်ခွာပေးရန် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆိုလိုက်သည်။

တောင်ကြာအင်း စာသင်ကျောင်းထဲ၌ ၂ နှစ်နီးပါးကြာ စစ်ကောင်တပ်များ ဝင်ရောက်တပ်စွဲနေထိုင်သည့် အပြင် ယခုရက်ပိုင်းတွင်လည်း ရွာဘုန်းကြီးကျောင်းဝင်းနှင့်ကျေးရွာထဲတွင် အင်အား ၇၀ ခန့်ရှိ ထပ်မံ ဝင်ရောက် တပ်စွဲ နေထိုင်လာသဖြင့် ဒေသခံများ မထိုင်ရဲကြတော့ဘဲ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် အဆိုပါတပ်များ ထွက်ခွာပေးရန် တောင်ကြာအင်း၊ လောင်းကိုင်နှင့် ဖားကျစသည့် ကျေးရွာများရှိ ဒေသခံ ၄၀ ဦးကျော်စ ုပေါင်း၍ ဆန္ဒထုတ်ဖော် တောင်းဆိုကြ ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “အစက စာသင်ကျောင်းမှာ တပ်စွဲထားတော့ ကလေးတွေ စာသင်လို့ရအောင်ဘုန်းကြီး ကျောင်းထဲမှာ သွားပြီး စာသင်ရတယ်။ အခုက ကလေးတွေလည်း စာမသင်ရတော့ဘူး။ အပြည့် တပ်စွဲထားတော့ ရွာကိုလည်း ဘယ်သူမှ ပြန်မနေရဲဘူး။ အခုစစ်တပ်တွေက များသထက် များလာ တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ဒေသခံလူထုနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်း များ ခိုးယူခြင်းအပြင် ဘုန်းကြီးကျောင်းဝင်းထဲရှိ သာသနာပိုင် ပစ္စည်းများ ခိုးယူခြင်း လုပ်ဆောင် လျက်ရှိ ကြောင်းလည်း ဒေသခံများက ကေအိုင်စီသို့ ပြောသည်။

တောင်ကြာအင်း စာသင်ကျောင်းဝင်းအတွင်း ဝင်ရောက်တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သည် ရွာချင်းဆက် လမ်းများကို ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးဖြတ်တောက်ထားသလို ဟောင်သရော ချောင်းကူးတံတားကို လည်း သွားလာမှု ပိတ်ထားလိုက်သောကြောင့် ထိုဒေသရှိဒေသခံများ သွားလာရေး ခက်ခဲလာပြီး စားဝတ်နေရေး လည်း ပိုမိုကြပ်တည်းလာနေသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ တောင်ကြာအင်းရွာ စာသင်ကျောင်းဝင်း၊ ဘုန်းကြီးကျောင်းဝင်းနှင့် မြောက်ကြာအင်းရွာ ဓာတ်လောင်း တောင်ပေါ်တို့တွင် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း-ခမရ (၅၄၆)၊ ခြေလျင်တပ်ရင်း -ခလရ (၂၃၀)၊ ခလရ(၂၀၈) တပ်တို့ အင်အား ၁၀၀ ကျော်ခန့်တပ်စွဲထားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်တာရှိတယ်။ အခု လောလောဆယ်တော့ ပစ်တာတော့မရှိဘူး။ စစ်ကောင်စီ ဘက်ကလည်း ရွာတွေမှာ လိုက်ပတ်တာရှိတယ်။ ပြီးတော့ ဒီဘက်နယ်ဘက် တက်လာပြီဆိုရင် ကျနော်တို့ ဘက် က ပစ်တော့သူတို့က တက်လာရင် တောင်ကြာအင်းဆေးရုံအထိပဲ ရောက်ပြီး ပြန်နောက်ဆုတ်ရတာရှိတယ်” ဟု နယ်မြေခံ KNDO တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကြာအင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကေအဲန်ယူ - တပ်မဟာ (၆) KNDO တပ်ရင်း (၆)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် စက်တင်ဘာလ ၂၂ ရက်နေ့ မှ စက်တင်ဘာလ ၂၆ ရက်နေ့ အထိ ဖြစ်ပွားသည့် ၆ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ (၃၂) ဦး သေဆုံးပြီး (၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ ဒူးပလာယာခရိုင်က စက်တင်ဘာလ ၂၈ ရက်နေ့တွင် သတင်းထုတ်ပြန်ထား သည်။

ထို့အပြင် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအမြောက်တပ်ကလည်း တောင်ကြာအင်း၊ နောင်တလာကျေးရွာများ ဘက်သို့ လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်သည့်အတွက် အရပ်သား ထိမှန်သေဆုံးမှု၊ ဘာသာရေး အဆောက်အအုံနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိနေသည်။

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...