လွတ်ငြိမ်းဖြင့် လွတ်လာသည့် မွတ်စလင်မ် ၄၀၀ ကျော်ကို မောင်တောနှင့် ဘူးသီးတောင်တွင် နေရာချပေး

လွတ်ငြိမ်းဖြင့် လွတ်လာသည့် မွတ်စလင်မ် ၄၀၀ ကျော်ကို မောင်တောနှင့် ဘူးသီးတောင်တွင် နေရာချပေး

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်ဖြင့် မြန်မာနိုင်ငံရှိ ထောင်အသီးသီးကနေ ပြန်လည် လွတ်မြောက်လာသည့် မွတ်စလင်မ် ၄၀၀ ကျော်အား ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ်များတွင် ပြန်လည် နေရာချပေးနေသည်။

ထောင်ထဲက လွတ်လာသူ မောင်တောမြို့နယ်မှ ၃၆၁ ဦးနှင့် ဘူးသီးတောင် မြို့နယ်မှ ၇၉ ဦး (စုစုပေါင်း ၄၄၀ ဦး) အား စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် စစ်တွေမှတဆင့် ဘူးသီးတောင်သို့ အောင်တံ ခွန်နှင့် ရွှေပြည်တန်ရေယာဉ်တို့ဖြင့် ပို့ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက အိမ်တိုင်ရာရောက် နေရာ ချပေးနေသည်ဟု လဝကရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၉၇ ဦး စုစုပေါင်း ၃၆၁ ဦးအား နေရာ ချပေးနေ ကြောင်း ၎င်းက ပြောသည်။

“သူတို့က ဘင်္ဂလားဘက်ကို ထွက်ပြေးသွားတဲ့ မောင်တောနယ်က မွတ်စလင်မ်တွေလို့ သိရပါတယ်။ သူတို့ကို သူတို့မိသားစု၊ ဆွေမျိုးအိမ်တွေကို ပို့ပေးတာပါ။ မောင်တောမြောက်ပိုင်း ရွှေဇားဘက်ကို နှစ်စီး၊ အောက်ရွာ/ ဖယ်စီရွာဘက်ကို တစ်စီး၊ ကညင်တန်းဘက်ကို နှစ်စီးထွက်သွားတာ တွေ့ပါတယ်။ စုစုပေါင်း ကား ၇ စီးနဲ့ ပို့ဆောင်ခဲ့တာပါ” ဟု ပြောသည်။

ဘူးသီးတောင်မြို့နယ်မှ အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၇၉ ဦးကိုလည်း သူတို့ ယခင်နေထိုင်ခဲ့ရာ ဘူးသီးတောင်မြို့နယ်တွင် နေရာ ချပေးသွားမည်ဟု သိရသည်။

အမည်မဖော်လိုသူ လ၀က ဝန်ထမ်းတစ်ဦးကလည်း ထိုသို့ နေရာ  ချပေးနေသည်ကို အတည်ပြု ပြောဆိုသည်။

“သူတို့တွေကို ရောက်တာနဲ့  မောင်တောနဲ့ ဘူးသီးတောင်မြို့က သက်ဆိုင်ရာ မြို့နယ်လဝကရုံးတွေမှာ  စစ်ဆေးခဲ့ ပြီးနောက် နေရပ်အသီးသီးသို့ တေဘာ ကားတွေနဲ့ အိမ်တိုင်ယာရောက် လိုက်လံပို့ဆောင်နေရာ ချပေးနေပါ တယ်။ အခုလို နေရာချပေးတဲ့ နေရာမှာ စစ်တပ်ရော၊ ရဲရော၊ လ၀ကနဲ့ ထွေအုပ်တွေလည်း ပါပါတယ်”  ဟု ပြော သည်။

ယခုလွတ်မြောက်လာသူ မွတ်စလင်မ် ၄၄၀ ဦးသည် တရားမဝင် မလေးရှားကို သွားရာမှ မြန်မာနိုင်ငံအနှံ့တွင် ဖမ်းဆီးခံရသူများ ဖြစ်ကြသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၁၁ ဦးသည်လည်း  အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်မြောက်လာခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အမျိုးသား ၁၀၈ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၁၁၁ ဦးအား နှစ်နိုင်ငံ လွှဲပြောင်းလက်ခံ ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ မလွှဲပြောင်းမီကာလအတွင်း ဘူးသီးတောင် အကျဉ်းထောင်၌ ခေတ္တ ယာယီ ထိန်းသိမ်းထားကြောင်း စစ်ကောင်စီက သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်၊ ဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီသည် မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ် ထောင်စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးတို့ကို လွတ်ငြိမ်းခွင့် ပေးခဲ့သည်။

ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလကလည်း နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းချခံနေရသည့် မွတ်စလင်မ် ဦးရေ ၈ဝဝ အား လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ၎င်းတို့အနက် ၆ဝဝ ဦးကို ရခိုင်ပြည်သို့ ပို့ဆောင်ပေးခဲ့ပြီး ကျန် ၂ဝဝ ဦးကို ဘင်္ဂလား ဒေ့ရှ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ဖူးသည်။

ဓာတ်ပုံ - ၂ဝ၂ဝ ပြည့်နှစ်၊ ဧပြီလက လွတ်ငြိမ်းခွင့်ရ မွတ်စလင်မ်များအား ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင် ပေးခဲ့စဉ်။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...