ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ

ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်က ပစ်ခတ် လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးတွေထဲက ကလေး ၇ ယောက် ကတော့ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။

“ဒီအတိုင်း အကြမ်းဖက် ပစ်ခတ်တာပါ။ ဘာအကြောင်းမှမရှိ ဘာတိုက်ပွဲမှမရှိပဲ ပစ်ခတ်တာပါဗျ။ တိုက်ရိုက် မမှန်တာ ကံကောင်းတယ်လို့ ပြောရမှာပေါ့ဗျာ။ လောလောဆယ်အထိတော့ မြို့နယ် ပအဖတွေက ကုသမှုတွေ ဆောင်ရွက်နေပါတယ်ဗျ” လို့ ပြောပါတယ်။

လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးငယ်တွေဟာ မူလတန်းအဆင့် ကျောင်းသား/သူတွေ ဖြစ်ပြီးတော့ ကလေးတွေ ကို စာသင်ကြားပေးတဲ့ ဆရာမတစ်ယောက်လည်း ဒဏ်ရာရရှိခဲ့သေးတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဟောင်ဝစ်ဇာ အမျိုးအစား ၁၂၀ မမ လက်နက်ကြီးတစ်မျိုး နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပြီး တော့ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး ၃လုံးအထိ ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

“အကြမ်းဖက်စစ်ကောင်စီ ကတော့ သူ့လုပ်ရပ်အတိုင်း ပြည်သူတွေအပေါ်ကိုတော့ မလျော့တမ်းဆောင်ရွက် နေ တာကို ပြည်သူတွေ သတိမပြတ်ကြဖို့ တိုက်တွန်းလိုပါတယ်။ တော်လှန်ရေးအမြန် အောင်မြင်အောင် ပြည် တွင်း/ပြည်ပမှ ဝိုင်းဝန်းကူညီ ပေးကြစေလိုပါတယ်ဗျ” လို့ ကောလင်းခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန် ရှိသူ တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စာသင်နေတဲ့ ကလေးငယ် ၁၆ ဦးဒဏ်ရာရရှိခဲ့ပြီး အဲ့ဒီထဲက ၆ ဦးက ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ခန္တီဝံသာရမ ဘုန်းတော်ကြီးကျောင်းဟာ ဝန်းသိုမြို့နယ် မြောက်ဘက် မြို့နယ် ၁၀ မိုင်ခန့်အကွာက ဂျိုးထောင်ဘုန်းကြီးကျောင်းအတွင်း တည်ရှိတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီတပ်ဟာ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေကို ကာကွယ်ရေးတပ်တွေ တပ်စွဲထားတယ်လို့ စွပ်ဆွဲပြီး လက်နက်ကြီး၊လက်နက်ငယ်တွေ အပြင် လေကြောင်းက နေပါ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ကလေးငယ်တွေ သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ လက် ချက်ကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနဲ့ အရပ်သားစုစုပေါင်း ၄၁၂၀ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံ ရေး အကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ  သိရပါတယ်။

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...