ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

ကျေးသီးမြို့နယ် ကျောက်မီးသွေးတူးဖော်ရန် ကုမ္ပဏီအသစ်တစ်ခု ထပ်တိုး

သျှမ်းပြည် လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန်အတွက် ကုမ္ပဏီအသစ် တစ်ခု ထပ်မံရောက်ရှိလာသည်။

လက်ရှိ စက်တင်ဘာလ စတုတ္တပတ်အတွင်း ကျေးသီးမြို့နယ်၊ မိုင်းကောင် (ဝ်) အုပ်စုအတွင်းတူးဖော်နေသည့် ကျောက်မီးသွေးတွင်း နေရာ၌ နောက်ထပ် ကုမ္ပဏီ အသစ် တစ်ခုရောက်လာနေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုမ္ပဏီ အသစ်ရောက်လာတာ ၂/၃ ရက်လောက်ပဲ ရှိသေးတယ်၊ နာမည်ကတော့ အတိအကျ မသိရဘူး၊ သူတို့ နေတဲ့ နေရာက ဟေဟိန်းကုမ္ပဏီနဲ့ တစ်မိုင်လောက်ပဲ ဝေးတယ်၊ သူတို့ကား၊ စက်ယန္တရားတွေဆိုလည်း အများ ကြီး တွေ့ရတယ်၊ ဒီရက်ပိုင်းအတွင်း ကျောက်မီးသွေး တူးဖော်ထုတ် ယူမှုကလည်း ပိုများတယ်။”

ယခုရက်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး ထုတ်ဖော်တူးယူမှုသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် ၂၂ ဘီးကာ အစီး ၁၀၀ ထက်မနည်း ရှိနေပြီး ကျေးသီးမြို့မှ လားရှိုးမြို့ဘက်သို့ သယ်ယူသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ကျောက်မီးသွေး ထုတ်ယူ သယ်ဆောင်မှု များပြားသည့်အတွက် ကားလမ်းဘေး အနီးရှိ နေအိမ်များ၊ အနီးပတ်ဝန်းကျင်ရှိ နေအိမ်များမှ ဒေသခံများသည် ကားသံကြောင့် အိပ်ရေးပျက်နေရကြောင်း အသက် (၃၀) ဝန်းကျင် ကျေးသီးမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကားသံ စက်သံတွေက တော်တော်ကို ကျယ်တယ်၊ ကျောက်မီးသွေးတင်ကားက ညအချိန်မှ ထွက်ကြ တာဆိုတော့ သူတို့ ကားသံတွေနဲ့ ကောင်းကောင်းလည်း မအိပ်ရဘူး၊ ကလေးတွေဆို လန့်တောင် နှိုးတယ်၊ လူ ကြီးတွေလည်း အိပ်ရေးပျက်တာပေါ့၊ ဒီအတိုင်းသာ ဆက်ဖြစ်မယ်ဆိုရင် ပြည်သူတွေက ဒုက္ခတွေ့မှာ” ဟု ကျေးသီးမြို့ခံ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်အချိန်တွင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်သည့် ကုမ္ပဏီသည် ဟေဟိန်း ကုမ္ပဏီ တစ်ခု သာ ရှိနေခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီ အသစ် တိုးလာသည့်အတွက် ကျောက်မီးသွေး ထုတ်ယူတူးဖော်မှု တိုးလာသလို ကျောက်မီးသွေးတင်ကား အစီးရေလည်း များလာကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တိုးထုတ်ယူမှုနှင့် ပတ်သက်ပြီး ကျေးသီးမြို့မှ တက်ကြွ လှုပ်ရှားသူ လူငယ်အမျိုးသား တစ်ဦးက မိုးရာသီကုန်ဆုံးကာလ၌ ပိုမိုထုတ်လုပ်လာနိုင်ချေ ရှိကြောင်းလည်း ပြောဆိုသုံးသပ်ထားသည်။

“အခုက မိုးမကုန်ဘဲ ရေတွေလည်း များနေလို့ သူတို့ ဒီလောက်ထုတ်နိုင်တာ၊ မိုးကုန်ပြီး ခြောက်သွေ့ ရာသီ ရောက်လာပြီဆိုရင် ဒီထက်ပိုပြီးတော့ ထုတ်လာနိုင်ချေရှိတယ်၊ အဲ့ခါကျရင်တော့ ရေချောင်းတွေ ထိလာမှာ အမှန်ပဲ၊ ဒီချောင်းကိုသာ ထိရင် စိုက်ပျိုးရေးတွေကလည်း ထိခိုက်မယ်” ဟု ကျေးသီးမြို့မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မီးသွေး တူးဖော်ထုတ်ယူနေသည့် ဟေဟိန်းကုမ္ပဏီသည် မိုင်းကောင် (ဝ်) ကျေးရွာအုပ်စု၊ မိုက်ဟုန်းလိန် ကျေးရွာ အနောက်ဘက်တွင် နေရာယူတူးဖော်နေပြီး၊ စစ်ကောင်စီတပ် ၂၈၆ မှ လုံခြုံရေး ယူပေးထားသည်ဟု ဆိုသည်။

ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် ခွင့်ပြုထားသည့် မြေနေရာသည် ဧကပေါင်း ၅၀၀ သာ ရှိနေပြီး လက်ရှိတွင် ကုမ္ပဏီများမှ ၇၀၀ ဧက ထက်မနည်း ကျူးကျော်တူးဖော်နေကြောင်း SSPP/SSA တပ်ဖွဲ့ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး စိုင်းဆုက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ လုပ်ခွင့်ရထားတဲ့ ဧက ၅၀၀ မှာက ပြည်သူလူထုရဲ့ အိမ်၊ ခြံ၊ ယာ မြေတွေ မထိခိုက်စေရဘူး အဲ့လိုမျိုးနဲ့ ခွင့်ပြုထားတာ။ ဒါပေမဲ့ ဒီကြားထဲမှာ သူတို့က ချဲ့ထွင်ပြီးတော့ ဧက ၇၀၀ ကျော်ကို တူးနေတယ် လို့သိရတယ်။ အဲ့တာကို ကျနော်တို့ရဲ့လူက သွားပြီးတော့ စိစစ်နေတယ်။ တကယ်လို့ အဲ့လိုဖြစ် ရင်တော့ သူတို့ ပိတ်ရမှာပါ။ ဒါကို ကျနော်တို့ အားမပေးဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆုက ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်နေ့တွင် သျှမ်းသံဝောာ်ဆင့်၏ အင်တာဗျူး အစီအစဥ်မှာ  ဖြေကြားခဲ့သည်။

ထို့အပြင် ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ရန် လုပ်ပိုင်ခွင့်ရထားသည့် ကုမ္ပဏီများသည် ဟေဟိန်းကုမ္ပဏီအပြင် MEC ကုမ္ပဏီ၊ နမ့်ပန် ကုမ္ပဏီ နှင့် ထွန်းမြတ်အောင် ကုမ္ပဏီတို့မှလည်း လာရောက်တူး ဖော်မည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

လက်ရှိ ကျောက်မီးသွေးကို ဆက်လက်တူးဖော်မည် ဆိုပါက ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်းကို ထိခိုက်နိုင်သည့် အတွက် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

Most read this week

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...