နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့

နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံ တွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှား ရေးမှာ အခက်တွေ့နေကြပါတယ်။

နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး သွားလာလှုပ်ရှားရေးမှာ အခက်ကြုံတွေ့နေရတယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

“စစ်တပ်ရဲ့ ဘယ်၊ ညာမှာက ရွာသားတွေနေတယ်။ စစ်တပ်ရဲ့ အောက်ဘက်ပိုင်းက ရွာသားတွေရဲ့ လယ်ယာ၊ ခြံ မြေ အခင်းတွေနဲ့ လုပ်ငန်းနေရာတွေပဲဖြစ်တာကြောင့် လုပ်ငန်းသွားရင် စစ်တပ်ဘေးကနေ သွားလာရတယ်။ ဆို တော့ အခုချိန် စစ်တပ်က မိုင်းထောင်တာတွေပြန်ရှိတော့ စိုးရိမ်ရတယ်။ သွားလာလှုပ်ရှားလို့ မရတဲ့ အခြေအနေ ဖြစ်နေတယ်” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသမီးက ပြောပါတယ်။

စက်တင်ဘာလဆန်း ကတည်းက စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်တို့ကြား စစ်ရေးအခြေအနေ တင်းမာနေတာလည်း ဖြစ်ပါတယ်။

ဒီတင်းမာမှုတွေကြား စက်တင်ဘာလ ၂၄ ရက်နေ့မှာပဲ နမ့်ဖတ်ကာကျေးရွာက အမျိုးသားတစ်ဦး ထင်းခွေ သွား ချိန် မိုင်းနင်းမိတာကြောင့် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရပြီး လက်ရှိ ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံ ယူနေ တယ်လို့ ဆိုပါတယ်။

လက်ရှိ နမ့်ဖတ်ကာကျေးရွာ အခြေအနေနဲ့ပတ်သက်ပြီး ဒေသခံ တအာင်းအမျိုးသားတစ်ဦးက “ရွာသားတွေ သွားတော့ သွားလာတယ်။ စားဝတ်နေရေးအခက်အခဲကြောင့် မြင်းခွာရွက်တွေ သွားရှာတယ်။ အဝေးကြီးတော့ သိပ်မသွားရဲဘူးပေါ့။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ကပဲ နမ့်ဖတ်ကာ ရပ်ကွက် ၂ က အမျိုးသားတစ်ဦး ထင်းသွားခွေမလို့ဆို မိုင်းထိသွားပြီး ခြေထောက်တစ်ဖက် ပြတ်သွားတယ်။ ဆိုတော့ ခါတိုင်းလို လွတ်လွတ်လပ်လပ်သွားလို့မရဘူ။ အခုက မိုင်းထောင်တာ နည်းနည်းများနေတော့ သတိဝိရိယနဲ့ သွားလာရတာပေါ့” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေ့က နမ့်ဖတ်ကာနဲ့ နမ့်အွမ်ကြား ခိုမုန်းကျေးရွာတဝိုက်မှာ စစ်တပ်နဲ့ TNLA တပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးတော့ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲ ခဲ့ပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ နမ့်ဖတ်ကာ စစ်ကောင်စီတပ်စခန်းကို TNLA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို စစ်တပ်ဘက်ကလည်း လက်နက်ကြီး နဲ့ တန်ပြန်ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာ ကျေးရွာ ရပ်ကွက် ၄ က အမျိုးသားတစ်ဦး နဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးစ ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ထပ် နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက “အခု ကျမတို့ နမ့်ဖတ်ကာရွာသားတွေက စစ်တပ်ဘက် ကနေ ဖြတ်သွားရတဲ့ ဘက်မှာ တောင်ယာ အခင်းတွေ ခြံတွေ လုပ်ထားတယ်။ စစ်တပ်ဘက်က လက်နက်ပစ်ပြီ ဆိုတာနဲ့ သွားလာလို့ မရဘူး။ စစ်တပ်နဲ့ ကပ်ရပ်မှာ ရှိနေတာကြောင့် လုပ်ငန်းသွားဖို့ ခက်ခဲတယ်။ စစ်တပ်ဘေး ကနေ သွားရတယ်လေ။ ရွာသားတွေက လက်နက်ကြီးသံကြား၊ သေနတ်သံတွေ ကြားတာနဲ့ အမြဲကြောက်ရွံ့နေရ တယ်” လို့ ပြောပါတယ်။

နမ့်ဖတ်ကာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လထဲမှာပဲ စစ်တပ်ကောင်စီ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာရွာသား ၁၆ ဦး ထိခိုက် သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ်လမှာလည်း စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေးမတော် TNLA ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နမ့်ဖတ်ကာကျေးရွာမှာ အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး၊ ကချင်၊ ရှမ်း၊ တရုတ်၊ တအာင်း၊ ဗမာ တိုင်းရင်းသားမျိုး နွယ်စု ပေါင်းစုံ အတူယှဉ်တွဲနေထိုင်တဲ့ ကျေးရွာကြီးတစ်ရွာ ဖြစ်ပါတယ်။

ပုံ - မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သော နမ့်ဖတ်ကာဒေသခံ အမျိုးသား (CJ)

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...