ကော်သူးလေဒေသတွင် စစ်အုပ်စုအုပ်ချုပ်မှု နယ်မြေကျဉ်းလာပြီး စစ်စခန်း ၆၀ ကျော် ဆုံးရှုံးခဲ့ရဟု KPSN ပြော

ကော်သူးလေဒေသတွင် စစ်အုပ်စုအုပ်ချုပ်မှု နယ်မြေကျဉ်းလာပြီး စစ်စခန်း ၆၀ ကျော် ဆုံးရှုံးခဲ့ရဟု KPSN ပြော
Photo - KPSN
Photo - KPSN

မြန်မာပြည်အရှေ့တောင်ပိုင်း ကော်သူးလေဒေသတွင် စစ်အုပ်စု၏ စစ်ရေးနှင့် အုပ်ချုပ်မှုနှစ်ရပ်လုံးကို ထိန်းချုပ် နိုင်စွမ်း သိသာစွာလျော့နည်းလာပြီး စစ်အုပ်စု၏ မဖြစ်မနေစွန့်လွှတ် (သို့မဟုတ်) သိမ်းပိုက်ခံခဲ့ရသည့် စစ်စခန်း (၆၂) ခုရှိသည်ဟု ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် - KPSN က ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောဆိုလိုက်သည်။

စစ်အုပ်စု၏ မဖြစ်မနေစွန့်လွှတ် (သို့မဟုတ်) သိမ်းပိုက်ခံခဲ့ရသည့် စစ်စခန်း (၆၂) ခုမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ဆုံးရှုံးသွားသည့် စာရင်းဖြစ် သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသရှိ ကေအဲန်ယူ ထိန်းချုပ်နယ် မြေများတွင် စစ် အုပ်စု၏ စစ်ရေးအုပ်ချုပ်မှုနည်းလာခြင်းနှင့် ကော်သူးလေနယ်မြေအတွင်း ပညာရေးအခြေ အနေကို မီးမောင်း ထိုးပြသည့် “အာဏာဟန်ချက် အပြောင်းအလဲ-မြန်မာနိုင်ငံအရှေ့ တောင်ပိုင်းတွင် စစ်အုပ်စုထိန်းချုပ်မှု ကျဉ်း မြောင်းလာခြင်း” အမည်ရှိ အစီရင်ခံစာတွင် ထိုသို့ ရေးသား ပြောဆိုထားခြင်း ဖြစ်သည်။

KPSN ဒါရိုက်တာ နော်ဝါးခူရှီးက “ကျမတို့နယ်မြေမှာ စစ်အုပ်ချုပ်မှုနယ်မြေကျဉ်းလာတယ်။ စစ်အုပ်စုဘက်က စစ်အင်အားအရင်လိုမရှိတော့ဘူး။ ဒီအစီရင်ခံစာမှာက စစ်စခန်းဆုံးရှုံးမှုတွေပြီးတော့ ဒီဘက်က ပညာရေး နယ် မြေများလာကို ပြချင်တာဖြစ်တယ်။ သူတို့ကစခန်းတစ်လုံးပြီးတစ်လုံးကျတော့ လေယာဉ်၊ လက်နက်ကြီးတွေနဲ့ ပိုတိုက်ခိုက်တယ်။ ပြန်ကြည့်ရမယ်ဆိုရင် ပြည်သူလူထိုတွေ ထိခိုက် သေဆုံး များတာက လက်နက်ကြီးနဲ့ လေ ယာဉ်ကြောင့် ဖြစ်တယ်။ အဲ့ဒီလို တိုက်ခိုက်တာကလည်း သူတို့က လူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ် တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိတွင် ကော်သူးလေဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် - KNLA မဟာမိတ်များ၏ စစ်ဆင်ရေးထိုးစစ်မှုရလဒ်များအဖြစ် စစ်ကောင်စီဘက်မှ စခန်း (၆၂) ခု ဆုံးရှုံး လိုက်ရသည့်အပြင် စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ စာသင်ကျောင်း (၃၇၀) ကျောင်း လည်းဆုံးရှုံးလိုက်ရကာ လက်ရှိ အဆိုပါ စာသင်ကျောင်းများသည် ကေအဲန်ယူ ပညာရေးဌာန၏ စီမံအုပ်ချုပ်မှုအောက်တွင် ပြန်လည်ရပ် တည်ဖွင့်လှစ်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကော်သူးလေ နယ်မြေအတွင်းရှိ ရောနှောအုပ်ချုပ်ဒေသတွင် စစ်တပ်အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ခုနှစ် ပညာ သင်နှစ်တွင် စာသင်ကျောင်းပေါင်း ၃၈၂ ကျောင်းရှိရာမှ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်တွင် စာသင်ကျောင်းပေါင်း ၉၀၉ ကျောင်းအထိ တိုးလာသည့်အတွက် ကေအဲန်ယူ နယ်မြေကျယ်ပြန့်လာမှုကို တိုက် ရိုက်ထင်ဟပ်စေသည်ဟု KPSN က မီးမောင်းထိုးပြထားသည်။

ထို့အပြင် KNLA တပ်ပေါင်းစုများ၏ ထိန်းချုပ်နယ်မြေများ တိုးချဲ့လာကာ ယခုအချိန်တွင် စစ်အုပ်စု၏ ရန်ကုန်-နေပြည်တော်ကြားရှိ သယ်ယူပို့ဆောင်ရေးဗဟိုသွေးလွှတ်ကြောနှင့် ရန်ကုန်မှ ထိုင်း-မြန်မာ နယ်စပ် မြဝတီ အာရှ လမ်းမ ကုန်သွယ်ရေးစင်္ကြံအထိ တိုက်ရိုက်ခြိမ်းခြောက်လာသည်ဟုလည်း KPSN အစီရင်ခံစာတွင် ဆိုထားသည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ ၎င်းတို့၏ ဆုံးရှုံးသောနယ်မြေများကို ပြန်လည်ရရှိရန် လက်နက်ကြီးနှင့် လေ ကြောင်း တိုက်ခိုက်မှုများလာကာ နယ်မြေများပြန်မရနိုင်ခဲ့သော်လည်း အဆိုပါ တိုက်ခိုက်မှုများကြောင့် ကော်သူး လေဒေသတွင် စစ်ရှောင်အရေအတွက် (၆၃၇,၄၁၄)ဦး တိုးလာရပြီး ယခုနှစ် ဖေ ဖော်ဝါရီလမှစတင်လျှင် စစ် ရှောင်ဦးရေ ၁၈ ရာခိုင်နှုန်းတိုးလာကြောင်းလည်း KPSNက ပြောဆိုသည်။

ဆက်လက်၍ စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ဒူးသထူ(သထုံ) တောအူး (တောင် ငူ)၊ တနင်္သာရီ၊ မူတြော်(ဖာပွန်)နှင့် ဒူးပလာခရိုင်ရှိ စုစုပေါင်းစာသင်ကျောင်း (၁၉)ကျောင်း၊ ခရစ်ယာန် ဘုရား ကျောင်း (၁၅) ကျောင်း၊ ဘုန်းကြီးကျောင်း (၁၀)နှင့် ဆေးခန်း (၆) ခု ထိခိုက် ပျက်စီးခဲ့ရသည်ဟု KPSN ၏ အစီရင် ခံစာတွင် ဖော်ပြပါရှိသည်။

အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဒေသခံလူထုများ နေရပ်စွန့်ခွာနေရသူများလာသည့်အပြင် လက်နက် ကြီးကြောင့် လုပ်ကိုင်စားသောက်၍ မရသည့်အတွက် စစ်ရှောင်များမှာ ထောက်ပံ့ကူညီမှုများ အရေးပေါ် လိုအပ် နေကြောင်းလည်း KPSN၏  အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

 “UN တွေက ကျမတို့ နယ်မြေထဲမှာထောက်ပံ့မှုအကူအညီမရောက်ဘူး။ သူတို့တွေက စစ်အုပ်စုရဲ့ ခွင့်ပြုချက် မရရင် ဝင်မရဘူးဆိုတော့ သူတို့စစ်ရှောင်အရေအတွက် သူတို့ရတာနည်းတယ်။ ကျမတို့ကတော့ သက်ဆိုင်ရာ ခရိုင်တိုင်းမှာ စာရင်းရတယ်။ ပြီးတော့ CIDKP (ပြည်တွင်းနေရပ်စွန့်ခွာရသူ ကရင် ပြည်သူများဆိုင်ရာ ကော်မတီ) မှာ လည်း စာရင်းရှိတယ်။ ကျမတို့နယ်စပ်ကူညီတဲ့အရပ်ဖက်အဖွဲ့ နေရာ တိုင်းရောက်တယ်။ ဒါပေမယ့် ထောက် ပံ့ အကူအညီငွေ မရဘူး။ အဲဒါကြောင့် UN ဘက်က ဒီနယ် စပ်ဖြတ်ကျော်အကူညီပေးဖို့က ပြန်စဉ်းစားသင့် တယ်” ဟု KPSN ဒါရိုက်တာ နော်ဝါးခူရှီးက ပြောသည်။

တိုးများလာသည့်စစ်ရှောင်အရေအတွက်နှင့် လူတစ်ဦး၏ ၆ လစာလိုအပ်ချက် အခြေခံ တွက်ချက်မှုအရ စားနပ် ရိက္ခာ လိုအပ်ချက်ဖြေရှင်းရန် လာမည့် ၁၂ လအတွက် လိုအပ်ချက်အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၂ သန်းခန့် လိုအပ်ကာ ထိုလိုအပ်ချက်ထဲတွင် အဆောက်အအုံ၊ ဆေးဝါး၊ ကျောင်းထောက်ပံ့မှုနှင့် ကလေးနှင့်အမျိုးသမီး များ အတွက် သီးခြားအကူအညီအရေးပေါ်လိုအပ်လျက်ရှိသောကြောင့် စစ်ရှောင်များကို အပြည့်အဝ ကူညီပေး သည့် ကရင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (KERT) ကဲ့သို ဒေသခံအဖွဲ့ အစည်းများနှင့် ဖွဲ့စည်းထားသည့် အကူ အညီပေးရေးအဖွဲ့မှတစ်ဆင့် ကူညီပေးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် - KPSN သည် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေ ရသည့် ဒုက္ခသည်များအတွက် ၁၀ စုနှစ်ပေါင်းများစွာ လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့များ ကူညီ ပံ့ပိုးပေးသည့် ကရင်လူထုအခြေပြုအဖွဲ့အစည်း ၂၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကွန်ရက်အဖွဲ့တစ်ခု ဖြစ်သည်။

 

Photo - KPSN

Most read this week

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...