မဏိပူရ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကီလိုမီတာ ၇၀ ကို စည်းရိုးခတ်ရန် စီစဉ်

မဏိပူရ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက်ကီလိုမီတာ ၇၀ ကို စည်းရိုးခတ်ရန် စီစဉ်

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်အစိုးရက မြန်မာနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ကီလိုမီတာ ၇၀ ကို ခြံစည်းရိုးခတ်ရန် စီစဉ်နေသည်သည်။

မဏိပူရ်ပြည်နယ်၀န်ကြီးချုပ် N Biren Singh သည် အိန္ဒိယ-မြန်မာနယ်စပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ခတ်ရန် အစီအစဉ်ကို နယ်စပ်လမ်းများအဖွဲ့ Border Roads Organization (BRO)၊ ပြည်နယ်၏ အခြား အကြီးတန်းအရာ ရှိများနှင့် စက်တင်ဘာလ ၂၄ ရက်နေ့ တနင်္ဂနွေနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြသည်ဟု The Hindustan Times သတင်းဌာနက ဖော်ပြသည်။

ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်ဖက်စီတွင်နေထိုင်ကြသော ပြည်သူများအား တစ်ဖက်နိုင်ငံအတွင်း ၁၆ ကီလိုမီ  တာ အထိ သွားလာခွင့်ပြုသည့် (Free Movement Regime) လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်ကို 'အမြဲတမ်းပိတ် ထားရန်' ဗဟို အစိုးရကိုတိုက်တွန်းပြီး နောက် တစ်ရက်တွင် အဆိုပါ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်ရန်စီစဉ်ခြင်းသည် နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက် လာမှုနှင့် မူးယစ်ဆေး မှောင်ခိုကူးမှုအား တားဆီးထိန်းချုပ်နိုင်ရန်ဖြစ်သည်ဟု မဏိပူရ်ပြည်နယ် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

“BRO က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အင်ဒို-မြန်မာ နယ်စပ်တလျှောက် နောက်ထပ် ကီလိုမီတာ ၇၀ ခြံစည်းရိုး ကာရံဖို့ အစီအစဉ်ကို ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။ အတွင်းရေးမှူးချုပ်၊ DGP နဲ့ ပြည်ထဲရေးဌာနက တာဝန်ရှိသူတွေ လည်း ပါဝင်ခဲ့ပါ တယ်။ တစ်ဖက်နိုင်ငံမှ တရားမဝင် မှောင်ခိုကူးသန်းမှုများနှင့် မူးယစ်ဆေးဝါး မှောင်ခိုဝင်ရောက် မှု တိုးလာခြင်းကြောင့် ကျွန်ုပ်တို့၏ နယ်နိမိတ်များကို ကာကွယ်ခြင်းသည် အရေးတကြီး မရှိမဖြစ် လိုအပ်လာပါ သည်” ဟု မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh ကပြောဆိုကြောင်း သတင်းစာကဆိုသည်။

မဏိပူရ်ပြည်နယ်တွင် ယခုနှစ်မေလ ၃ ရက်နေ့ကစ၍ လူများစုကသည်းလူမျိုးနှင့် လူနည်းစု ကူကီး(ချင်း) အနွယ် တောင်တန်းသားများကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ပွားနေဆဲဖြစ်သည်။ ယင်းအဓိကရုဏ်းသည် မဏိပူရ် ပြည်နယ်သို့ မြန်မာနိုင်ငံမှ တရားမ၀င် ၀င်ရောက်လာကြသူများကြောင့်ဟု အိန္ဒိယ ပြည်ထဲရေး၀န်ကြီးနှင့် မဏိပူရ် ပြည်နယ်၀န်ကြီး ချုပ်တို့က စွပ်စွဲပြောဆိုခဲ့ကြသည်။

အဆိုပါ ကိစ္စကြောင့် မြန်မာနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးများခတ်ကာ မြန်မာဘက်က တရားမ၀င် ၀င်ရောက်မှုကို တားဆီးထိန်းချုပ်ရန် မဏိပူရ်အစိုးရကစီစဉ်လာခြင်းဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံသည် ကီလိုမီတာ ၁၆၀၀ ခန့် နယ်နိမိတ်ချင်းထိစပ်နေပြီး မဏိပူရ်ပြည်နယ်နှင့် ကီလိုမီတာ လေးရာခန့် ထိစပ်နေသည်။

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...