တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ

တရုတ်နိုင်ငံကို ဝင်ရောက်ဖို့ မူဆယ်နယ်စပ်ဂိတ်မှာ ထောင်နဲ့ချီတဲ့ပြည်သူတွေ စောင့်ဆိုင်းနေဆဲ
တရုတ်နိုင်ငံဝင်ရောက်ဖို့ မူဆယ်ဂိတ်မှာ စောင့်ဆိုင်းနေသူများ (CJ)
တရုတ်နိုင်ငံဝင်ရောက်ဖို့ မူဆယ်ဂိတ်မှာ စောင့်ဆိုင်းနေသူများ (CJ)

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့က နယ်စပ်ဂိတ်များ ဖွင့်ပြီးနောက် မြန်မာနိုင်ငံသား ထောင်ချီ နေ့စဉ် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်လာတဲ့အတွက် နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကတ် TBP မှာ စက်တင်ဘာလ ၂၉ ရက်နေ့အထိ တုံကင်ပြည့်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ဝင်ထွက်ခွင့် TBP ကတ်ပြုလုပ်ဖို့  စက်တင်ဘာလ ၁၇ ရက်နေ့ ကနေ  ၂၉ ရက်နေ့အထိ တုံကင် လက်ခံရ ရှိထားတဲ့ လူဦးရေ ၆,၅၀၀ ပြည့်သွားပြီလို့ ဖြစ်တယ်လို့ မူဆယ် နယ်စပ်ဖြတ်ကျော်ရေး ကူညီပေးနေသူတစ်ဦးက KNG ကို ပြောပါတယ်။

“ဝင်ချင်တဲ့သူကတော့ သောင်းထိ ရှိတာမှန်တယ်။ ဒါပေမဲ့ ခွင့်ပြုနိုင်တဲ့အင်အားက တစ်ရက်ကို ၅၀၀ ပဲရှိတယ်။ ၅၀၀ ဆိုတာ လူတစ်ယောက်ကို TBP တစ်ခါသုံးကတ် လုပ်ပေးမယ်ဆို ၃ မိနစ်လောက် ကြာတယ်။ တရုတ် ဘက်ကို ဝင်နိုင်ဖို့ ၃ မိနစ်လောက်ကြာတော့ အကန့်အသတ်နဲ့ ရှိတာပေါ့နော်။ ဒီဘက်က တရုတ်ဘက်ကို ဝင်နိုင် တဲ့အင်အားက ဆင်ဖြူပေါက်မှာ ၂၀၀ ၊ နန်းတော်ပေါက်မှာ ၃၀၀။  အဲ့တော့ တစ်နေ့ကို ၅၀၀ ပဲ ခွင့်ပြုတာပေါ့။ မူဆယ်မှာနေနေတဲ့ ဒေသခံတွေကတော့ သပ်သပ် ဝင်နေတာရှိတယ်လေ” လို့  ပြောပါတယ်။

မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်နဲ့ နန်းတော်ဂိတ်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က ပြန်ဖွင့်လိုက်ပြီးနောက် တရုတ်ဘက်ခြမ်း ရွှေလီဘက်ကို ဝင်နိုင်ဖို့ ထောင်ချီတဲ့ မြန်မာပြည်သားတွေဟာ နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံး ကတ် TBP ပြုလုပ်ဖို့ ကြိတ်တိုးပြီး တန်းစီစောင့်ဆိုင်းကြရတာဖြစ်ပါတယ်။

TBP ကတ် မလုပ်ရသေးတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ မိုးထဲ၊ နေထဲ ဆက်လက် တန်းစီစောင့်ဆိုင်းကြရပြီး လမ်းမပေါ် ချက်ပြုတ်စားသောက်ကာ စောင့်ဆိုင်းသူတွေလည်း ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။

“သူတို့က တည်းခိုခန်းတို့၊ အသိမိတ်ဆွေအိမ်တွေမှာ ငှားနေတာတွေရှိတာပေါ့။ လုံး၀ အဆင်မပြေတဲ့ သူတွေက တော့ အများပိုင်နေရာ အသင်းရုံးတွေမှာ၊ ပြီးရင် ဒီလိုပဲ ပြေသလို နေ နေကြသူတွေလည်းရှိတယ်” လို့ ပြောပါ တယ်။

တရုတ်နိုင်ငံဘက်ကို ဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ လူဦးရေအများအပြား စောင့်ဆိုင်းတဲ့ အခြေအနေမှာ ပုံမှန် ဖြစ်ပေမယ့် အခုတစ်ခေါက်မှာတော့ တရုတ်ဘက်က ဝင်ခွင့်လူဦးရေ ကန့်သတ်လိုက်တာကြောင့် နယ်စပ်ဂိတ်မှာ လူတွေနဲ့ ပြည့်ကြပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

COVID - 19 ပထမလိုင်း ကတည်းက ပိတ်ထားတဲ့ ရှမ်းမြောက်ဘက်က နယ်စပ်ဂိတ်တွေထဲက အခု တစ်ခေါက် မှာ မူဆယ်မြို့နယ်က ဂိတ် ၂ ဂိတ်သာ ဖွင့်လိုက်တာဖြစ်တဲ့ပြီး ဒီနှစ်မှာတော့ တရုတ်ဘက်က လူအကန့်အသတ်နဲ့ သာ ဝင်ခွင့်ပြုနေတာလည်း ဖြစ်ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...