ကျိုက်ဒုံ-ပိုင်ခလန် လမ်းမပေါ် မဲတလဲကျေးရွာရှိ လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

ကျိုက်ဒုံ-ပိုင်ခလန် လမ်းမပေါ် မဲတလဲကျေးရွာရှိ လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆)ကော့ကရိတ်မြို့နယ် ကျိုက်ဒုံ-ပိုင်ခလန် လမ်းမပေါ်တွင်တည်ရှိသော  မဲတလဲကျေးရွာရှိ လူနေအိမ်(၃)လုံးကို ဖုချိမူ စစ်ကောင်စီ တပ် စခန်း အခြေစိုက် တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် စက်တင်ဘာလ (၂၂)ရက်နေ့တွင် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဖုချိမူ စစ်ကောင်စီ တပ်စခန်းတွင် အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် - စကခ (၁၃) လက်အောက်ခံ ခြေ မြန်တပ်ရင်း (ခမရ-၅၅၈)၊ (ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း (ခလရ-၉၉၃) တပ်ရင်းမှ ဗိုလ်ကြီးရဲသွေး၊ ဗိုလ်ကြီး ဆန်းမောင်မောင် နှင့် ဗိုလ်ကြီးမျိုးမင်းအောင်တို့ ဦးဆောင်သည့် တပ်ရင်းမှ အင်အား (၂၀) ဦးက အိမ်ခြေ ၅၀ ကျော်ရှိ မဲတလကျေးရွာထဲကိုဝင်ကာ လူနေသစ်သားအိမ်ကြီး (၃)လုံးအပြင် ကားတစ်စီးနှင့် ဆိုင်ကယ်များ မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ကေအဲန်ယူ ဒူးပလာယာခရိုင်က ယနေ့စက်တင်ဘာလ ၂၅ ရက်နေ့တွင် သတင်းထုတ် ပြန် ထားသည်။

ဒေသခံတစ်ဦးက “သောကြာနေ့ မနက် ၁၀နာရီအချိန်မှာ အိမ်တွေဆိုင်ကယ်တွေမီးရှို့ဖျက်ဆီးတယ်။ အဲဒါမကဘဲ ထော်လာဂျီစက်မှာ သဲတွေပစ်ထည့်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်တာရှိတယ်။ မဲတလဲရွာမှာက ဒေသခံ တွေက တစ်ရွာလုံးနီးပါးပဲ တိမ်းရှောင်ရတယ်။ ယောက်ျားတွေပဲ အိမ်စောင့်တာရှိတယ်။ သူတို့ကအိမ်တွေ မီးရှို့ပြီး သူတို့စခန်းကို ပြန်တက်သွားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မဲတလဲကျေးရွာထဲကို ဝင်ရောက်မီးရှို့သည့်အပြင် ထိုကျေးရွာထဲတွင် (၁၂၀) မမ လက်နက်ကြီးနှင့်လည်းပစ်ခတ်သည့်အတွက် နောက်ထပ်ကားတစ်စီး ပျက်စီးခဲ့သေးကြောင်း ကေအဲန်ယူ၏ သတင်းဖော်ပြချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကျေးရွာထဲရှိ ဒေသခံများကို စစ်ကောင်စီတပ်မှ နေရပ်စွန့်ခွာထွက်ပြေးခွင့်မပေးသလို နေရပ်စွန့်ခွာ ထွက်ပြေးပါက ၎င်းတို့၏ ပိုင်ဆိုင်သည့် နေအိမ်များကို ယခုထက်မက ထပ်မံ မီးရှို့ဖျက်ဆီး မည်ဖြစ်ကြောင်းကို လည်း ဒေသခံများကို ခြိမ်းခြောက်ပြောဆိုခဲ့ကြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်း တပ်၏ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးရှိ ရေတလျောက်စစ်ကောင်စီ တပ်စခန်း၏ အနီးအနားဝန်းကျင်တွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့် လာရောက် အင်အား ဖြည့်ချထား လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “မဲတလဲမှာလဲ ဒေသခံတွေရှောင်ရတယ်။ ပြီးတော့ ဒေသမှာရှိတဲ့ ရေတ လျောက်စခန်းမှာပြန်လာတဲ့စစ်ကောင်စီတပ်က အဲဒီစခန်းရှေ့မှာ သွားလာတဲ့ ပြည်သူတွေကို စစ်ဆေးတာ တွေ ရှိတယ်။ စစ်တပ်က ရွာတွေမှာ တချို့နေတယ်။ တချို့က လိုက်ပတ်တာရှိတယ်။ နောက်ပြီး အဲဒီစခန်း အနီးလမ်း ပေါ်မှာရှိတဲ့ ဆိုင်တွေဆိုရင် ညပိုင်းတိမ်းရှောင်ပြီး နေပိုင်းမှာ ဆိုင်ပြန်လာဖွင့်ရတယ်။ ပြန်မလာဖွင့်ရင် ဆိုင်တွေ ဖျက်ဆီးမယ်ခြိမ်းခြောက်တာတွေလည်းရှိတယ်ဆိုတော့ နေ့ပိုင်းပြန်လာရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တပ်အင်အား ၅၀ ခန့်ရှိ ဖုချိမူစစ်ကောင်စီ တပ်စခန်းသည် စစ်ကောင်စီတပ် အခိုင်အမာအခြေချတပ်စွဲထားသည့် တပ်စခန်းတစ်ခုဖြစ်သလို ဒေသအတွင်းရှိ အခြားစစ်ကောင်စီတပ်စခန်းများအတွက် လူအင်အား၊ လက်နက် အင် အား ပို့ဆောင်သည့်အခါတွင်လည်း အဆိုပါတပ်စခန်းမှတစ်ဆင့် လေယာဉ်နှင့် ပို့ဆောင်ပေးခြင်း၊ အနီး အနား ကျေးရွာထဲကိုလည်း လက်နက်ကြီးများနှင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ ကွီလုံတန်စစ်ကောင်စီတပ်စခန်းကို စစ်ကူ သွားသည့် တပ်အင်အား ၁၀၀ ခန့်ကို စစ်သုံးရဟတ်ယာဉ်နှင့် မော်လမြိုင်မှ ဖုချိမူစစ်ကောင်စီတပ်စခန်းသို့ ပို့ဆောင်ပေးခဲ့သေးသည်ဟု နယ်မြေခံတာဝန်ရှိသူများက ပြောသည်။

ကွီလုံတိုင် စစ်ကောင်စီတပ်စခန်းကို စစ်ကူသွားသည့် အဆိုပါ စစ်ကောင်စီအင်အား ၁၀၀ ဝန်းကျင်ခန့်သည် ရှေ့တိုး၍ မရသည့်အတွက် လက်ရှိတွင် တိုက်ခိုက်သိမ်းပိုက်ခံရသည့် ရေတလျောက် စစ်ကောင်စီစခန်းအနီးတွင် တပ်စွဲထားသည်ဟု နယ်မြေခံ KNLA တပ်ဖွဲ့ထံမှ သိရသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...