ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းအစား ဈေးမြင့်တက်မှုကြောင့် ရှေးဟောင်းနည်းများကို သုံးလာကြ

ရခိုင်တွင် အမျိုးသမီးလစဉ်သုံးပစ္စည်းအစား ဈေးမြင့်တက်မှုကြောင့် ရှေးဟောင်းနည်းများကို သုံးလာကြ

ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် အသုံးပြုသည့် လစဉ်သုံးပစ္စည်းများအစား ရှေးဟောင်းနည်းကို သုံးစွဲမှုများရှိလာနေသည်။

အမျိုးသမီး လစဉ်သုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှု၊ စားဝတ်နေရေး ခက်ခဲလာမှုတို့ကြောင့် လစဉ်သုံး ပစ္စည်း အစား ရှေးရိုးနည်းများဖြစ်သည့် အဝတ်စများကိုခေါက်၍ အသုံးပြုခြင်း၊ ထဘီကိုခါးတောင်းကျစ်၍ အသုံးပြု ခြင်း၊ ထဘီအထပ်ထပ် ဝတ်ဆင်ခြင်းများအား အသုံးပြုနေရသည်ဟု စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများက ပြောဆိုကြသည်။

လူဦးရေ ၄၇၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် အမျိုးသမီးဦး ရေ ၂၈၀ ခန့်ရှိပြီး ငွေကြေးအခက်အခဲကြောင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများအစား ရှေးရိုးနည်းများဖြင့် အသုံး ပြုနေရသည်ဟု ပြောသည်။

“တချို့အမျိုးသမီးတွေဆိုရင် ရှေးရိုးနည်းနဲ့သုံးတာကို တခြားသူတွေသိမှာ စိုးရိမ်ကြတယ်။ ရှက်ကြတယ်။ အလုပ် လုပ်ကြတဲ့ အမျိုးသမီးတွေဆိုရင် ဓမ္မတာလာချိန်မှာ ရှေးရိုးနည်းနဲ့အသုံးပြုကြတော့ အလုပ်မဆင်းကြတော့ဘူး” ဟု စစ်ဘေးရှောင် မအေးခင်က ပြောသည်။

တောင်မင်းကုလား စစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သည့် ဩဂုတ်လက အဖွဲ့အစည်းတစ်ခုမှ နေအိမ်တစ်အိမ်လျှင် အမျိုးသမီး လစဉ်သုံး (Pad) အထုပ်ကြီး တစ်ထုပ်နှင့် အငယ်တစ်ထုပ်စီကို အကူအညီပေးရေးအဖွဲ့များက လာ ရောက်ထောက်ပံ့မှု ရှိခဲ့ကြောင်း ဆိုသည်။ သို့သော် လာရောက်ထောက်ပံ့မှု ပုံမှန်မရှိသည့်အတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများ လိုအပ်လျက်ရှိနေသည်။

စစ်ဘေးရှောင်များမှာ အလှူရှင်များနှင့် အဖွဲ့အစည်းအချို့၏ ကူညီထောက်ပံ့မှုများဖြင့် စားဝတ်နေရေးကို ဖြေရှင်း နေကြရသည်။ ကိုယ်ပိုင်ဝင်ငွေ မရှိသည့်အတွက် ဓမ္မတာလာချိန်တွင် လစဉ်သုံးပစ္စည်းအစား ရှေးရိုးနည်းများ အား အသုံးပြုနေရခြင်းဖြစ်သည်ဟု ဆိုကြသည်။

အမျိုးသမီးလူဦးရေ ၃၇၂ ဦးရှိသည့် ရသေ့တောင်မြို့၊ စေတီတောင်(အနောက်) စစ်ဘေးရှောင်စခန်းတွင်လည်း  အသက် ၃၀ အထက် အမျိုးသမီးများမှာ ဓမ္မတာလာချိန် ရှေ့ရိုးနည်းများဖြင့် အသုံးပြုနေကြရသည်။

“ကျောင်းသူတွေဆိုရင်လည်း လစဉ်သုံးပစ္စည်းကို ပုံမှန်ဝယ်မသုံးနိုင်ကြဘူး။ တစ်နေ့ကို Pad ၄ ခု သုံးရမယ်ဆိုရင် တစ်ခုနဲ့ပဲ တစ်နေကုန်နေလိုက်ကြတယ်။ လိုသလောက် မဝယ်နိုင်ကြဘူး” ဟု စစ်ဘေးရှောင် မမေစုလှိုင်က ပြောသည်။

ရခိုင်ပြည်တွင် အထွေထွေကုန်ဈေးနှုန်းများ မြင့်တက်နေမှုနှင့်အတူ အမျိုးသမီး လစဉ်သုံးပစ္စည်းများမှာလည်း နှစ်ဆနီးပါး ဈေးမြင့်တက်လျက်ရှိသည်။

ယခင်က “Blue”တံဆိပ် လစဉ်သုံးတစ်ထုပ်ကို ငွေကျပ် ၅၀၀ ရှိခဲ့ရာမှ ယခုအခါ ၁,၀၀၀ ကျပ်ထိ ရှိလာသလို “ပျိုမေ”တံဆိပ် လစဉ်သုံးတစ်ထုပ်ကို ယခင်က ငွေကျပ် ၁,၀၀၀ ရှိခဲ့ရာမှ ယခုအခါ ငွေကျပ် ၁,၅၀၀ ထိ မြင့်တက်သွားခဲ့သည်။

"ကုန်ပစ္စည်းတွေ စျေးတက်လာတယ်။ မိသားစုမှာ ငွေကြေးအခက်ခဲတွေ ကြုံနေကြရတယ်။ လက်လုပ်လက်စား မိသားစုတွေမှာဆိုရင် စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်ဘူး။ ဓမ္မတာလာနေချိန်ဆိုရင် အရှက်ကို ကာကွယ်ရတယ်။ ငွေကြေးက အဆင်မပြေတော့ လစဥ်သုံးပစ္စည်းအစား ရှေးရိုးနည်းကို အသုံးပြုရတယ်” ဟု မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာမှ မဦးမြအေးက ပြောသည်။

လစဉ်သုံးပစ္စည်းကို တစ်ရက်လျှင် အနည်းဆုံး ၃ ကြိမ် လဲပေးသင့်ပြီး ပုံမှန်လဲပေးခြင်း မပြုလုပ်လျှင် အမျိုးသမီးကိုယ်အင်္ဂါ ယားယံခြင်း၊ မှိုနာစွဲခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများထံမှ သိရသည်။

“ရှေးရိုးရာနည်းတွေကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ (ပိတ်စ၊ အဝတ်)လျှော်တဲ့အခါ သေချာလျှော် ပေ မယ့်လည်း သန့်ရှင်းမှုမရှိတာတွေ၊  အသုံးပြုတာကြာလာတော့ ညစ်ပတ်လာတယ်။  နေရောင်သေချာမရတဲ့ အခု လို မိုးရာသီ၊ ဆောင်းရာသီတွေမှာဆိုရင် ပိတ်စဟာ စိုထိုင်းတာတွေဖြစ်ပြီး ပိုးတွေ ပေါက်ဖွားလာနိုင်တယ်။ အဲဒီ ကစပြီး နောက်ဆက်တွဲ ရောဂါတွေဖြစ်လာနိုင်တယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။

ယင်းအပြင် ဓမ္မတာလာချိန်တွင် လစဉ်သုံးပစ္စည်းအစား ရှေးဟောင်းနည်းလမ်းများဖြင့် အသုံးပြုခြင်းကို ရေရှည် မသုံးစွဲသင့်ကြောင်း ၎င်းကဆက်ပြောသည်။

သို့သော်လည်း ကျေးလက်ဒေသနှင့် စစ်ဘေးရှောင်စခန်းမှ အမျိုးသမီးများမှာ နေ့စဉ်ဝင်ငွေ မရှိသလောက် နည်း ပါးကာ စားသောက်ရေးအတွက် ရုန်းကန်နေရချိန်တွင် လစဉ်သုံးပစ္စည်းများကို ငွေပိုတစ်ခုအဖြစ် အကုန်အကျခံ ကာ ဝယ်ယူမသုံးစွဲကြတော့ကြောင်း အမျိုးသမီးကပြောဆိုကြသည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...