မွန်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နယ်မြေလုံခြုံရေးစနစ် ဖော်ဆောင်ကြဖို့ စစ်တပ် ဖိအားပေး

မွန်ပြည်နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နယ်မြေလုံခြုံရေးစနစ် ဖော်ဆောင်ကြဖို့ စစ်တပ် ဖိအားပေး

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရပ်ရွာ အေးချမ်းသာယာရေးအတွက် ပြည် သူကို ဗဟိုပြုတဲ့ လုံခြုံရေးစနစ် ဖော်ဆောင်ကြဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း က ဖိအားပေးလာတာ ဖြစ်ပါတယ်။

လက်နက်ကိုင်ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားမှုမရှိတဲ့ မွန်ပြည်နယ်ရဲ့ စစ်အုပ်ချုပ်ရေးယန္တရား အကြီးမားဆုံး လည် ပတ်ရာ မော်လမြိုင်မြို့မှာ အခုရက်ပိုင်းအတွင်း ပြည်နယ်ကောင်စီ တာဝန်ရှိသူတွေက ဌာနဆိုင်ရာတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ တွေ့ဆုံပွဲမှာ ဖိအားပေးပြောဆိုခဲ့တာပါ။

စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားချက်အရ စက်တင်ဘာလ ၂၀ ရက်နေ့က မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ တွေ့ဆုံပွဲခေါင်းစဉ်နဲ့ ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ရပ်ရွာ အေးချမ်းသာယာရေးနဲ့ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းအပြင် ပြည်သူကို ဗဟိုပြုတဲ့ လုံခြုံရေး စနစ် ဖော်ဆောင်ပေးရမယ်လို့ ဖိအားပေးခဲ့တာပါ။

ဒီဖြစ်စဉ်အပေါ် မွန်ပြည်တော်လှန်ရေးတပ် ပြောခွင့်ရနိုင်နဂါးက စစ်ကောင်စီအနေနဲ့ တနိုင်ငံလုံးမှာ စစ်ရေးအရ ရှုံးနိမ့်နေတာကြောင့် ရပ်ရွာလုံခြုံရေးကို ကာကွယ်ဖို့အတွက် ပြည်သူ့စစ်ဖွဲ့ဖို့ လုပ်တာလို့ သုံးသပ်ပါတယ်။

“တရားဥပဒေစိုးမိုးရေးနဲ့ ခြိမ်းခြောက်ပြီးတော့ ကိုယ့်ရပ်ရွာကိုယ့်ဒေသကို ကိုယ့်ဟာကို ကာကွယ်ဖို့ ကာကွယ်ရေး တပ် ပြည်သူ့စစ်အဖွဲ့တွေဖွဲ့ဖို့ ပြောတယ်လို့ ကျွန်တော်မြင်တယ်။ စကစက နယ်မြေကျေး ရွာတချို့မှာ ပြည်သူ့ စစ်အဖွဲ့ကို အောင်မြင်စွာဖွဲ့နိုင်ခဲ့ပေမယ့် တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ပြည်နယ်တစ်ခုလုံး အတိုင်းအတာ အနေနဲ့ သူတို့မလုပ်နိုင်တဲ့အပေါ် အခုလို တွေ့ဆုံဆွေးနွေးပွဲလုပ်တာလို့ မြင်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့်ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီသက်ဆိုးရှည်ဖို့ ထောက်ပံ့ပေး နေတဲ့ ထောက်တိုင်တွေဖြစ်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေး တက်ကြွသူတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း သတင်းပေးရတဲ့အတွက် ဒလန်အဖြစ် ရောက်ရှိနေကြတာလို့ နိုင်နဂါးက ထောက်ပြပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လပိုင်းအတွင်း NLD အစိုးရလက်ထက်မှာ ခန့်အပ်ထားတဲ့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ် ရေးမှူးအများစုကို စစ်ကောင်စီက ဖြုတ်ထုတ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်တွေ၊ စစ်တပ် ထောက်ခံသူတွေကို အများဆုံးအစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ပေါင်နဲ့ ရေးမြို့ နယ်တို့မှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတဲ့ ဒေသတွေ ဖြစ်ပါ တယ်။

အဲဒီဒေသတွေမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် လက်နက်ကိုင်တော်လှန်ရေးတပ် ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ကျိုက်မရော၊ ရေး - သံဖြူဇရပ်ကြား ကျေးရွာတချို့ မှာလည်း ရံဖန်ရံခါ မြေပြင်တိုက်ပွဲတွေနဲ့ စစ်ယာဉ်တန်းခြုံခိုတိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။

ပြည်နယ်ဝန်ကြီချုပ်ကတော့ နယ်မြေလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဟာ အရေးကြီး တဲ့ အခန်းကဏ္ဍဖြစ်သလို ဒေသတွင်းလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးရေးကလည်း များစွာအရေးပါတယ်လို့ တွေ့ဆုံပွဲ မှာ ပြောပါတယ်။

ဒါ့အပြင် ဥပဒေလုပ်ထုံးလုပ်နည်း သိရှိနားလည်မှု၊ ရိုးသားဖြောင့်မတ်မှု၊ သမာသမတ်ရှိမှုတို့နဲ့ ဖြည့်ဆည်းပေး ကြဖို့လိုပြီး ပြည်သူတွေ အေးချမ်းသာယာစွာ နေထိုင်နိုင်ကြစေရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် အားလုံး ဝိုင်းဝန်းပေးကြစေလိုတယ်လို့ သူက ပြောကြားခဲ့တာပါ။

နိုင်နဂါးကတော့ မွန်ပြည် တော်လှန်ရေးတပ်အနေနဲ့ ဒလန်ရှင်းလင်းတာ၊ စစ်တပ်ထောက်တိုင် ရှင်းလင်းတာ တွေကို လုပ်ခွင့်မပေးထားပေမယ့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာတွေကို ရပ်တန်းကရပ်ကြဖို့ သတိပေးထားပါတယ်။

“တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေက ကျွန်တော်တို့လို ခံယူချင်မှခံယူလိမ့်မယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ စစ်ကောင်စီအပါအဝင် သူ့ရဲ့ထောက်တိုင်တွေ၊ ဒလန်တွေရှင်းတာကို ကျွန်တော်တို့ အနေနဲ့ ဘာမှပြောစရာမလိုဘူး။ ရှိလည်းရှိသွားဦးမှာပဲ။ ကျွန်တော် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး အားလုံးကို ပြောချင်တာက စစ်ကောင်စီနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တာတွေကို ရပ်တန်းကရပ်ကြဖို့ ကျွန်တော် တိုက်တွန်း လိုပါတယ်၊ သတိပေးလိုပါတယ်” လို့ သူက ပြောပါတယ်။

စစ်ရေး၊ နိုင်ငံရေး အကဲခတ်တွေကတော့ တစ်နိုင်ငံလုံးနီးပါးအနှံ့ စစ်မျက်နှာဖွင့်ပြီး သာလွန်အင်အားနဲ့ ဖြန့်ကျက် ထားရတဲ့ စစ်ကောင်စီတပ် အနေနဲ့ စစ်ရေးအရ နယ်မြေတည်ငြိမ်မှုကို မထိန်းချုပ်ထားနိုင်ပေမယ့် အောက်ခြေ အဆင့် စစ်အုပ်ချုပ်ရေးယန္တရား ထောက်တိုင်ပြုနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကြောင့် အာဏာကို ထိန်းချုပ် ထားနိုင်ဆဲလို့ သုံးသပ်ကြပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၄ ခုနှစ်မှာ ကောက်ယူမယ့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် အခုနှစ် လာမယ့် အောက်တိုဘာမှာ နေပြည်တော် အပါအဝင် တိုင်းနဲ့ပြည်နယ် အားလုံးရှိ မြို့နယ် ၂၀ မှာ စမ်းသပ် သန်းခေါင် စာ ရင်း ကောက်ယူသွားမယ်လို့ စစ်တပ်ဝါဒဖြန့် ရုပ်သံတွေကနေ ကြေညာထားပါတယ်။

မွန်ပြည်နယ်မှာတော့ မော်လမြိုင်မြို့နယ်အတွင်း စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှာ ဖြစ်ပြီး လူဦးရေ စာရင်းမှန်ကန်မှ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ရေး ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောဆိုထားပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...