ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေကြသည့် ချင်းကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် ကျန်း မာရေး စောင့်ရှောက်မှု ကောင်းမွန်စွာ မရရှိခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ - ပလက်ဝမှ ရဲဘော်နှစ်ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရှိသဖြင့် နောက်တန်းတွင် တပ်ဖွဲ့မှ ပြုလုပ်နေသော ကွန်မန်ဒိုသင်တန်း တက်ရောက်နေစဉ် ကျဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့ မှ တာဝန်ရှိသူ ဆလိုင်းပေါလ်က ပြောသည်။

“လွန်ခဲ့တဲ့ လမှာ ကွန်မန်ဒို အထူးသင်တန်း ပြုလုပ်ရင်နဲ့ နောက်တန်းမှာ ရဲဘော် ၂ ဦး အသက်ပေးခဲ့ရပါတယ်။ နောက်တန်းမှာ အော်ပရေးရှင်း မလုပ်နိုင်တဲ့ အခန်းကဏ္ဏတွေ ရှိတယ်ပေါ့။ ဆေးဝါးအနေနဲ့ မလုံလောက်ဘူး ဆိုတာက ဆေးဝါးအနေနဲ့ အတော်အသင့်ရှိတဲ့ ဆေးဝါးနဲ့ ခံယူခိုင်းခဲ့တယ်။ အတတ်နိုင်ဆုံးကြိုးစားခဲ့တယ်။ သူတို့ မှာ ရှိတဲ့ ရောဂါအခံတွေလည်း ပါတယ်။ ချက်ချင်း အော်ပရေးရှင်း မလုပ်နိုင်တဲ့ အပိုင်းတွေလည်း အခက်အခဲ ဖြစ်နေတော့ ခုလို့ နောက်တန်းမှာ ရဲဘော်တွေ မြင့်မြတ်စွာ အသက်ပေးခဲ့ရတာဖြစ်ပါတယ်” ဟု သူက ပြော သည်။

အသက် ၁၉ နှစ်အရွယ် ရဲဘော် ဆလိုင်းဧနောင်က ဩဂုတ်လ ၈ ရက်နေ့နှင့် အသက် ၂၅ နှစ်အရွယ် ဆလိုင်း မောင်မောင်က ဩဂုတ်လ ၃ ရက်နေ့တွင် ကျဆုံးခဲ့ရခြင်းဖြစ်ပြီး အစာအိမ်နှင့် ကျောက်ကပ်ရောဂါ လက္ခဏာ များကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

CDF - ပလက်ဝ ဆေးဌာနတွင် ဆေးအတန်အသင့် ရှိသော်လည်း အော်ပရေးရှင်း လုပ်နိုင်သော ဆေးရုံ၊ ဆေးခန်း နှင့် ဆရာဝန် မရှိခြင်းကြောင့် ရဲဘော်များ အရေးပေါ်ဖြစ်လာချိန်တွင် တပ်စခန်းရှိသော နေရာနှင့် ခွဲစိတ်နိုင်မည့် ဆေးရုံဆေးခန်းနေရာသည် ၂ ရက်ခရီးတိတိ ကြာမြင့်သည်ဟု CDF ပလက်ဝမှ တာဝန်ရှိသူက ပြောသည်။

CDF မတူပီမှ ရဲဘော်တစ်ဦးသည်လည်း လုံလောက်သော ဆေးဝါးကုသမှုကို အချိန်မီ မရရှိသည့်အတွက် အိန္ဒိ ဘက်တွင် သွားရောက်ကုသစဉ် စက်တင်ဘာလ ၁၉ ရက်နေ့က ရုတ်တရက် သေဆုံးခဲ့ရသည်ဟု ယင်းတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကင်းက ပြောသည်။

၎င်းရဲဘော်သည် အစာအိမ်ရောဂါဖြစ်နေရာ စခန်းတွင် ကုသပေးထားသော်လည်း ကျွမ်းကျင်သော ကျန်းမာရေး ဝန်ထမ်းမရှိသည့် အတွက် နောက်ဆုံးတွင် အိန္ဒိယဘက်ခြမ်းရှိ ဆေးရုံးတွင် သွားရောက်ကုသခဲ့ရသည်။ သို့သော် ရုတ်တရက် ရင်ဘတ်နာ၊ အသက်ရှုကျပ်လာ၍ ဆေးရုံးသို့ ထပ်မံ ပို့ဆောင်ကုသရာတွင် ကျဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

ဆလိုင်းနိုင်ဂျွန်ကင်းက “တိုက်ပွဲမှာ ကျတာက တမျိုးပေါ့။ အခုလိုမျိုး ကျန်းမာရေးနဲ့ စောင့်ရှောက်မှု အားနည်းလို့ အသက်ပေးသွားတဲ့ ရဲဘော်တွေက တဖြည်းဖြည်းများလာတယ်။ အခုလည်း မိုးတွင်းကာလဆိုတော့ ကျန်းမာ ရေး စောင့်ရှောက်မှုတွေ အားနည်းလာရင်တော့ ပိုပြီးတော့ ချူချာမယ့် ရဲဘော်တွေ အများကြီးရှိတယ်။ အဓိက က ကျနော်တို့က အခုချိန်မှာ ကျန်းမာရေး ကျွမ်းကျင်သူတွေ အဓိကလိုတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်ပြီး အတူတကွ တော်လှန်ရေးမှာ ပါဝင်လာရင်တော့ အားနည်းချက်ကို အမြန်ဆုံး ဖြည့် ဆည်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

CDF မတူပီတွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာ မရရှိ၍ သေဆုံးမှုသည် လေးဦးမြောက် ရှိပြီဖြစ်ပြီး ယခင်က ငှက်ဖျားရောဂါ အပါအဝင် အခြားရောဂါများဖြင့်လည်း သေဆုံးမှုများ ရှိခဲ့သည်။

ချင်းပြည်နယ်မှ ချင်းကာကွယ်ရေး တပ်ဖွဲ့အချို့သည် လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများကို နည်းလမ်း ပေါင်းစုံဖြင့် ဝယ်ယူနိုင်သော်လည်း ကျွမ်းကျင်သော ဆေးဝန်ထမ်း မရှိခြင်းက အဓိက ပြဿနာ ဖြစ်နေသည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။ ထို့အပြင် ဆေးဝါးနှင့် ကျွမ်းကျင် ကျန်းမာရေး ဝန်ထမ်းပါ အားနည်းနေသည်ဟု ဆိုသည်။

ဆလိုင်းနိုင်ဂျွန်ကင်းက “ပြည်သူတွေက ကိုယ်ကျွမ်းကျင်ရာတစ်ခုကို ဒီတော်လှန်ရေးမှာ အသုံးဝင်အောင် ပါဝင် ပေးဖို့ပါပဲ။ ကျန်းမာရေးမှာ ကျွမ်းကျင်ရင် ဒီတော်လှန်ရေးမှာ ဘယ်လိုကူညီမလဲဆိုတာ သူတို့ တတ်နိုင်တဲ့ ဘက် က ပါဝင်မယ်ဆိုရင် အရမ်းကျေးဇူးတင်ပါတယ်။ ဒီကျန်းမာရေးက ဒီပြည်သူတွေအတွက်ရော ရဲဘော်တွေ အတွက်ရော အဆင်ပြေမယ်ဆိုတာ ပြည်သူတွေ သိထားရင်တော့ အကောင်းဆုံးပေါ့။ အားလုံးက ဒီထက်မက ပူးပေါင်းပါဝင်မှု လုပ်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီကို ခုခံတွန်းလှန်ရာတွင် မြို့နယ်အလိုက် ဖွဲ့စည်းထားသော CDF များ၊ ဒေသနှင့် မျိုးနွယ်စုအလိုက် ဖွဲ့စည်းထားသော CDF တပ်များရှိပြီး အားကောင်းသည့် အဖွဲ့ရှိသကဲ့သို့ အားနည်းသော အဖွဲ့များလည်း ရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် CDF တပ်ဖွဲ့ မည်မျှ ရှိသည်ကို အတိအကျပြောရန် ခက်ခဲနေသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ပုံစာ - CDF-Paletwa ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...