လမ်းပြအဖြစ် စစ်တပ်က ဖမ်းဆီးသွားသော သံတောင်ကြီး၊ ကျောက်တံခါးရွာခံ အမျိုးသားနှစ်ဦး ပြန်လွတ်လာ

လမ်းပြအဖြစ် စစ်တပ်က ဖမ်းဆီးသွားသော သံတောင်ကြီး၊ ကျောက်တံခါးရွာခံ အမျိုးသားနှစ်ဦး ပြန်လွတ်လာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်းရှိ ကျောက်တံခါးကျေးရွာသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့က တကျော့ပြန်စစ်ကြောင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရ သည့် ဒေသခံအမျိုးသားနှစ်ဦး ယနေ့နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အဆိုပါကျေးရွာအတွင်းတွင် နှစ်ရက်တာ စခန်းချနေထိုင်ခဲ့သော စစ်ကောင်စီတပ် များသည် စက်တင်ဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့တို့တွင်လည်း တကျော့ပြန်၍ ကျေးရွာအတွင်း ဝင်ရောက် စခန်းချနေထိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွာမှ ပြန်လည်ထွက်ခွာသည့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် အသက်(၁၇)နှစ်နှင့် အသက် (၃၀) နှစ် အရွယ်ရှိ ရွာခံအမျိုးသားနှစ်ဦးအား လမ်းပြအနေဖြင့် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ခြင်း ဖြစ်ပြီး ယနေ့နံနက်ပိုင်းက ပြန်လွတ်ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦး က အတည်ပြုပြောဆိုသည်။

“ကလေးနှစ်ယောက် ဒီနေ့မနက်ပဲ ပြန်လွတ်လာတယ်။ ထိခိုက်ဒဏ်ရာရတာ တော့မရှိဘူး။ စစ်တပ်လည်း သူတို့ တပ်စခန်းဘက် သူတို့ ပြန်တက်သွားကြပြီ။ ကျန်တဲ့သူတွေက ပထမတစ်ခေါက် ရွာထဲသူတို့ ဝင်လာကတည်းက စစ်ရှောင်ကြတာ အခုတော့ ရွာထဲပြန်ဝင်နေ နေပါပြီ။ ကျမတို့က ယာခင်းတွေဘာတွေလုပ်စားတော့ အဲဒီထဲတွေ ပဲ လိုက်ရှောင်နေရတာပေါ့။ စစ်တပ်မရှိတော့ရင် အိမ်ပြန်သူတို့ပြန်ဝင်လာရင် ယာခင်းထဲပြန်ပြေး၊ ဒီလိုနဲ့ပဲ လည် ပတ်နေတာပဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ အဆိုပါ စစ်ကောင်စီတပ်များ ပြန်ထွက်သွားသည့် စက်တင်ဘာလ (၂၀) ရက်နေ့က ကျောက်တံခါး ကျေးရွာအနီးတွင် နယ်ခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်ဟု မြေပြင် သတင်း အရင်းအမြစ်များထံမှ သိရှိရသော်လည်း ထိခိုက်မှုရှိမရှိ အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့၊ ရွှေကျင်မြို့တို့နှင့်လည်း နီးစပ်လျက်ရှိသော ကျောက်တံခါးကျေးရွာတွင် အဆိုပါ မြို့များမှ တိုက်ပွဲကြောင့် တိမ်းရှောင်နေထိုင်သူများလည်း လက်ရှိအချိန်ထိ ခိုလှုံနေထိုင်လျက်ရှိသည်။

ဒေသခံတစ်ဦးက “ရွာမှာက ရွှေကျင်နဲ့ ရေတာရှည်ဘက်က ပြေးလာတဲ့သူတွေလည်း ရှိတယ်။ အချို့ကတော့ စာသင်ကျောင်းမှာနေ တချို့က သိတဲ့သူနဲ့သွားနေ ဒီလိုပဲနေကြတာပေါ့။ စစ်တပ် ဝင်လာတော့လို့ ပြေးရတော့ သူတို့လည်း ထပ်ပြေးရတာပဲ။ အခုရက်ပိုင်း ရွှေကျင်က တချို့တွေကတော့ ပြန်တက်သွားကြပါပြီ ရှိတဲ့ သူက လည်းရှိနေသေးတယ်” ဟု လက်ရှိရွာအခြေအနေကို ပြောပြသည်။

၎င်းအပြင် စစ်ကောင်စီက ဒေသအတွင်း ဆန်၊ ဆီနှင့် ဓါတ်ဆီသယ်ဆောင်ခွင့်ကို တားမြစ်ထားသဖြင့် ကုန်ဈေး နှုန်းများ မြင့်တက်၍ ပစ္စည်းရှားပါးမှု ရှိသလို ရေတာရှည်မြို့နယ် အတွင်းသို့ ဝင်ရောက်သည့် စစ်တောင်းမြစ်ကူး တံတားဂိတ်တွင်လည်း အစစ်အဆေးများ များပြားလျက်ရှိကြောင်း သံတောင်မြောက်ပိုင်း ဒေသခံများ၏ ပြော ဆိုမှုအရ သိရှိရသည်။

သံတောင်ကြီးမြို့နယ်သည် ကရင်အမျိုးသား အစည်းအရုံး - KNU ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိပြီး နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ မြေပြင်တိုက်ပွဲနေ့စဉ်လိုလို ဖြစ်ပွားလေ့ရှိသည်။

စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ သုံးသောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် - KPSN ၏ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မှတ်တမ်းအရ သိရသည်။

Photo - CJ

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...