အေအေနှင့် ဆက်စပ်စွဲဆိုထားသည့် အမှုများကို ဆက်တိုက်အမိန့်ချ

အေအေနှင့် ဆက်စပ်စွဲဆိုထားသည့် အမှုများကို ဆက်တိုက်အမိန့်ချ

ရခိုင်တွင် တကျော့ပြန် တိုက်ပွဲကာလအတွင်းက ရက္ခိုင့်တပ်တော် (AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီး တရားစွဲဆိုထားသည့် အမှုများထဲမှ ယခုရက်ပိုင်းတွင် အမှုအချို့ကို အမိန့်ချမှတ်ခဲ့ပြီး တရားစွဲဆိုခံထားရသူ ၇ ဦး ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။

ထိုသို့ အမိန့်ချမှတ်ခဲ့သည့် အမှုများတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁၊ နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က၊ လက်နက်ကိုင်ဆောင်မှု အက်ဥပဒေ ပုဒ်မ ၂၁-က တို့ ပါဝင်သည်။

အဆိုပါအမှုများကို စစ်ဆေးပြီး၍ အမိန့်ချရန် ကြန့်ကြာနေခဲ့ရာမှ ယခုကဲ့သို့ အမိန့်ချမှတ်လာခြင်း ဖြစ်သည်။

ထောင်ဒဏ်ချမှတ်ခံရသူ ၇ ဦးတွင် စစ်တွေမြို့နယ်မှ ၂ ဦး၊ ပုဏ္ဏားကျွန်းမှ ၁ ဦး၊ မင်းပြားမှ ၁ ဦး၊ ကျောက်တော်မှ ၂ ဦး၊ အမ်းမှ ၁ ဦးတို့ ပါဝင်သည်။

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာ (ဆတ်ရိုးကျ)ကျေးရွာမှ ဦးဘသိန်းနှင့် သက္ကယ်ပြင် (မွတ်ဆလင်)ကျေးရွာမှ ဦးဆော်လိမ်တို့ကို စက်တင်ဘာလ ၁၁ ရက်က ပုဒ်မ ၅၀၅-က ဖြင့် စစ်တွေမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

စက်တင်ဘာလ ၁၃ ရက်တွင် အမ်းမြို့နယ်၊ သမ္မဝါယမ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်တင်မြင့်နှင့် စက်တင်ဘာ ၁၉ ရက်တွင် မင်းပြားမြို့နယ်၊ ငှက်ရဲကောက်ကျေးရွာမှ ကိုသိန်းဇော်တို့ကို ပုဒ်မ ၁၇-၁ ဖြင့် သက်ဆိုင်ရာ တရားရုံး များမှ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့သည်။

ဆက်လက်ပြီး ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်နှင့် ပန်းဖဲချောင်းကျေးရွာမှ ကိုဇော်မိုးထက် တို့ကိုလည်း စက်တင်ဘာ ၁၅ ရက်က ပုဒ်မ ၅၀၅-က ဖြင့် ကျောက်တော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

ကိုဇော်မိုးထက်၏ အစ်မဖြစ်သူ မညိုညိုက “အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်တာက ဘယ်လိုမှ တရားမျှတမှု မရှိဘူး။ သူတို့က အေအေနဲ့ဆက်စပ်မှုမရှိသလို ဘာဆူပူအောင်မှ လုပ်ခဲ့တာမဟုတ်ဘူး” ဟု ပြောသည်။

ကိုဇော်မင်းထက်မှာ ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်မှာ အိန္ဒိယသုံးဘီး မောင်းသူဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

စက်တင်ဘာ ၁၈ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာမှ ကိုမြတ်သူရထွန်းကို လက်နက်ကိုင် ဆောင်မှု အက်ဥပဒေပုဒ်မ ၂၁-က ဖြင့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။

“အခုလို နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရတာက လုံးဝကို တရားမျှတမှု မရှိဘူး။ ကျမယောက်ကျားက ဘယ် လက် နက်ကိုင်နဲ့မှ ဆက်စပ်မှုရှိတာ မဟုတ်ဘူး။ အခုက မတရားထောင်ဒဏ် ချမှတ်ခံရတာဖြစ်တယ်” ဟု ကိုမြတ်သူရထွန်း၏ ဇနီး ဒေါ်ဦးမညွန့်က ပြောသည်။

ကိုမြတ်သူရထွန်းမှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က ဖြင့်လည်း တရားစွဲဆိုခံထားရ ပြီး အဆိုပါအမှုကို လာမည့် စက်တင်ဘာ ၂၈ ရက်တွင် စစ်တွေမြို့နယ်တရားရုံးမှ စွဲချက်အမိန့်ချရန် ရုံးချိန်းထား သည်။

AA နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ဒေသခံများကို ထောင်ဒဏ်ချမှတ်နေခြင်းမှာ ကောင်းသည့်လုပ်ဆောင်ချက် မဟုတ်ကြောင်း ရခိုင်က နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းမှာ ရခိုင်က တရားရင်ဆိုင်နေရသူတွေကို ထောင်ဒဏ်ချမှတ်တာတွေ ခပ်စိပ်စိပ် တွေ့လာရတယ်။ ဒါက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ဘူး။ အဲဒါကြောင့် အစိုးရကပဲဖြစ်ဖြစ်၊ တရားရေးကပဲဖြစ်ဖြစ် ရခိုင်ပြည်ရဲ့ငြိမ်းချမ်းရေးကို ဦးတည်ပြီးတော့ ဒီလူတွေကို ထောင်ဒဏ်ချမှတ်မဲ့အစား ပြန်လွှတ်ပေးသင့်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့ စစ်ကောင်စီမှ လွတ်ငြိမ်းခွင့်ပေးရာတွင် ရက္ခိုင်တပ်တော် (AA)နှင့် ဆက်စပ်သည့် သံသယဖြင့် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇-၁၊ ၂ တို့နှင့် တရားရင်ဆိုင်နေရသူ ၆၁ ဦး လွတ်မြောက် လာခဲ့သည်။

ရခိုင်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစတင်၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်အခတ်ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီဖြစ်သည်။ အပစ်ရပ်ထားစဉ်အတွင်း AA နှင့်ဆက်စပ်သည့် သံသယဖြင့် ဖမ်းဆီးထားသူများကို လွှတ်ပေးသင့်ကြောင်း နိုင်ငံ ရေးသမားများက ပြောဆိုကြသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇-၁၊ ၂၊ နိုင်ငံတော်ဆူပူ အောင် လှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅-က တို့ဖြင့် ရခိုင်ပြည်အနှံ့က တရားရုံးအသီးသီးတွင် တရားရင်ဆိုင် နေရသူပေါင်း ၁၂၀ ကျော်ခန့် ကျန်ရှိနေသေးသည်။

Most read this week

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...