အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ခံရသူ လူငယ် ၄ ဦး သေဒဏ်ချခံရ

အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ခံရသူ လူငယ် ၄ ဦး သေဒဏ်ချခံရ

ဘိုကလေးမြို့တွင် အကြမ်းဖက် သတ်ဖြတ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် လူငယ် ၄ ဦးကို ဖျာပုံခရိုင် တရားရုံးက သေဒဏ်အမိန့်ချလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူများကပြောသည်။

ယခု သေဒဏ်အမိန့်ချမှတ်ခံရသူများမှာ ဘိုကလေးမြို့တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသည့် အမျိုး သမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားသည့် အမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူများ၏ မိသားစုဝင်တစ်ဦးက “ညှဉ်းပန်း နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တဲ့ အဆုံး လုပ်ပါတယ် ဆိုပြီး ဝန်ခံခဲ့ကြရတာဗျ” ဟု ပြောသည်။

ဖြစ်စဉ်မှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၊ အမှတ် (၆) ရပ်ကွက်တွင်  စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီး သည့် မသူဇာကြီး (ခေါ်) မသူဇာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

မသူဇာကြီး သေနတ်ဖြင့် ပစ်ခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ စစ်သားများ နှင့်ရဲတပ်ဖွဲ့ဝင်များက ဘိုကလေးမြို့ရှိ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင်နှင့် ကိုနိုင်ဝေလင်း တို့ကို စွပ်စွဲဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ ၄ ဦးကို ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးက တစ်နှစ်ကျော်အကြာ စစ်ဆေးပြီးနောက် စက်တင်ဘာ လ ၁၂ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

တရားရုံးနှင့် နီးစပ်သူတစ်ဦးက “သူတို့ ၄ယောက်လုံးကို ပုဒ်မ-၃၀၂၊ ပုဒ်မ-၁၀၉တို့နဲ့ သေဒဏ်ချလိုက်တာ။ တခြား ပုဒ်မတွေနဲ့လည်း ထောင်ဒဏ် ချထားတွေ ရှိသေးတယ်” ဟု ပြောသည်။

ထို့အပြင် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးက သေဒဏ်ချမှတ်ခံထားရသူ ကိုပြည့်စုံဖြိုး၊ ကိုဇော်ဝင်းထွန်း၊ ကိုမင်းသူအောင် နှင့် ကိုနိုင်ဝေလင်း တို့ကို ဖျာပုံအကျဉ်းထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပို့ဆောင်သွားမှာ ဖြစ်သည်ဟု ပြောသည်။

ဘိုကလေးမြို့ခံတစ်ဦးက “ဒီ ၄ ယောက်လုံးက ဘိုကလေးမြို့ခံတွေပါ။ PDF တွေဆိုပြီး ဖမ်းချင်လို့ကိုဖမ်းတာ။ မတရားမှုတွေကို မကြိုက်တဲ့ သူတွေပေါ့။ ငွေလည်း မလိုက်နိုင်ကြတော့ မတရားခံကြရတာ” ဟု ပြောသည်။

မသူဇာကြီး (ခေါ်) မသူဇာအား သေနတ်ဖြင့် ပစ်ခတ်မှုကို ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုပ် ဆောင်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...