လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် ချေးငှားပြီးစားသောက်နေရ

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုမှာ ရိက္ခာမရရှိတဲ့အတွက် ချေးငှားပြီးစားသောက်နေရ

ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်ခုဟာ ရိက္ခာမရရှိတဲ့အတွက် စစ်ရှောင်တွေဟာ ချေးငှားပြီး စားသောက်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက “တောင်ယာမရှိတဲ့အိမ်ထောင်စုတွေပေါ့။ အဲ့ဒါတွေကျတော့ တော်တော်များများကတော့ ဒီကနေသွားတယ်။ main (အဓိက) ဂိုဒေါင်ကနေပဲပေးတာပေါ့နော။ ဒါပေမဲ့ လုံးဝ မပေးနိုင်တဲ့ လ တွေအများကြီးရှိတယ်။ အဲ့လိုဆိုရင် သူတို့ရဲ့နီးစပ်ရာ လူတွေက ပေးနိုင်သလောက်လေး ကူညီ ကြတယ်။ အကယ်၍ ဘယ်သူမှ မပေးနိုင်ဘူးဆိုရင် ချေးငှားစားရတာရှိတယ်။ အဆင်ပြေလို့ ပြန်ပေးနိုင်တဲ့ အခါ ဆိုရင် ပြန်ဆပ်ရတာတို့ အဲ့လိုရှိတယ်” လို့ ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်းမှာ အဲဒီဒေသဘက်ကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အလှူရှင် မရောက်ရှိ နိုင်တော့ဘဲ ဒေသတွင်း လူမှုအသင်းအဖွဲ့တချို့ကသာ တခါတရံလောက် ထောက်ပံ့ကူညီပေးနိုင်တယ်လို့ ဆိုပါ တယ်။

အဲ့ဒီစစ်ရှောင်စခန်းမှာ လွိုင်ကော်မြို့ရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိနေတာဖြစ်ပြီး စစ်ရှောင်တွေ ပြန့်ကြဲနေထိုင် ကြတာ ဖြစ်ပါတယ်။

တောင်ယာလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ စစ်ရှောင်တွေ အများစုရှိနေပေမဲ့ လူဦးရေရဲ့ ၄ပုံ ၁ပုံဟာ တောင်ယာမရှိ တာကြောင့် အလှူရှင်က ထောက်ပံ့ပေးတဲ့ ဆန်ရိက္ခာကိုသာ မှီခိုအားထားနေရတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေရဲ့ အဆိုအရ အလှူရှင်တွေက ထောက်ပံ့ပေးတဲ့ အချိန်မှသာ ချေးငှားထားတဲ့ ဆန်ကို ပြန်လည် ဆပ် ပေးနိုင်တာဖြစ်ပြီး အလှူရှင်မရှိပါက ဆွေမျိုးတွေဆီ အကူအညီတောင်းရတယ်လို့ ဆိုပါတယ်။

“အိမ်ထောင်စု လေးပုံတစ်ပုံလောက်ကျတော့ တောင်ယာမရှိတဲ့ အိမ်ထောင်စုတွေ ဖြစ်တယ်ပေါ့နော။ ဆိုတော့ ဒီအိမ်ထောင်စုတွေက ဦးစားပေးရမယ့် အိမ်ထောင်စုထဲမှာ အမြဲတမ်းထည့်ထားတယ်။ ဆန်နည်းနည်းပါးပါး ရတာရှိမယ်၊ ဆန်အိတ် ၂၀၊ ၃၀ လိုမျိုးဆိုရင် တောင်ယာမရှိတဲ့အိမ်ထောင်စုတွေကို ဦးစားပေးဖြစ်တယ်ပေါ့” လို့ စစ်ရှောင်စခန်းကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဆေးဝါးလိုအပ်ချက်နဲ့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းတွေအတွက် စာရေးကိရိယာနဲ့ အသုံးအဆောင် ပစ္စည်းတွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီ စစ်ရှောင်စခန်းမှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ရွာပေါင်း ၃၀ ကျော်က လူဦးရေ ၄၀၀၀ ကျော် နေထိုင်ကြတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်ရတဲ့ ကရင်နီ စစ်ရှောင်ဦးရေ ၂သိန်းကျော်ရှိနေပြီး စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အမျှ အလှူရှင် တွေရဲ့ ထောက်ပံ့ပေးနိုင်မှု အားနည်းလာတာကြောင့် စစ်ရှောင်စခန်းတွေမှာ ဆန်ရိက္ခာပြတ်လပ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...