မာန်အောင်တွင် အရပ်သားတစ်ဦးကို PDF ဟု ဆိုကာ စစ်ကောင်စီဖမ်းဆီး

မာန်အောင်တွင် အရပ်သားတစ်ဦးကို PDF ဟု ဆိုကာ စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် အရပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူမှာ မာန်အောင်မြို့ပေါ်တွင် နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် ဗမာလူမျိုး ဦးဖြူခေါင်းဖြစ်ပြီး မာန်အောင်တွင် နေထိုင်သည်မှာ ကြာနေပြီဟု ဆိုကြသည်။

စက်တင်ဘာလ ၁၈ ရက်နေ့၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည် ဟု မာန်အောင်မြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

“သူက ဟိုးအရင်ကတည်းက NLD ပါတီကို ထောက်ခံလာတဲ့သူ။ စစ်အာဏာ ဆန့်ကျင်ရေး သမားပေါ့နော်။ သူက ဆိုရှယ်မီဒီယာမှာ တင်တာတော့ ရှိတာပေါ့နော်” ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသည့် ဦးဖြူခေါင်းကို ပုဒ်မ ၅ဝ၅-က ဖြင့် အမှုဖွင့်ထားသည်။

မာန်အောင်မြို့နယ်တွင် PDF နှင့် ဆက်စပ်သံသယဖြင့် ဒေသခံအချို့အား ဖမ်းဆီးရန် စစ်ကောင်စီတပ်က လိုက် လံရှာဖွေမှုများနှင့် ဝရန်းပြေးစာများ ကပ်ခြင်းများကို စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လုပ်လာသည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“မာန်အောင်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လိုက်ဖမ်းတာ၊ ဝရမ်းထုတ်တာတွေ အများကြီးတွေ့ရတယ်။ ဒေသခံ တွေကိုလည်း သံသယနဲ့ ဖမ်းဆီးတာတွေ ရှိတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် မာန်အောင်မြို့နယ်အတွင်း ဆန္ဒပြမှုများတွင်ပါဝင်သည့် လူငယ်များကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့သူ အနည်းဆုံး ၁၀ ဦးခန့်ရှိပြီး သွားရောက် သတိပေးခံရသူ အယောက် ၃၀ ကျော်ရှိကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သံတွဲမြို့နယ်ရှိ ပုရစ်နှင့် ရေကောက်ကျေးရွာဟောင်းနေရာ အနီးတဝိုက်တွင် PDF များကို ရှာဖွေသည်ဟုဆိုကာ စစ်ကောင်စီတပ်သားများ လှုပ်ရှားသွားလာမှုများရှိခဲ့သည်ဟု ဒေသခံများက နိရဉ္စရာကို ပြောသည်။

သံတွဲမြို့နယ် အပါအဝင် ရခိုင်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့ အပါအဝင် လူမှုရေး လှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အဖွဲ့များအား ငွေကြေး ထောက်ပံ့သည်ဟု ဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံထားရသည်။

ဦးဖြူခေါင်းအား စွဲဆိုထားသည့် ပုဒ်မ ၅၀၅-က မှာ ပြည်သူလူထုအကြား ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကော လဟလ (မမှန်သတင်း) များ ဖြန့်ချိခြင်း၊ နိုင်ငံ့ဝန်ထမ်းများ အပေါ် ရာဇဝတ်ပြစ်မှု ကျူးလွန်စေရန် တိုက်ရိုက် (သို့) သွယ်ဝိုက် လှုံ့ဆော်ပါက ပြစ်မှုမြောက်သည် ဆိုသော ပုဒ်မ ဖြစ်သည်။ ပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးနှစ် အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည် ပုဒ်မဖြစ်သည်။

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...