တရုတ်-ကချင်နယ်စပ် မျှစ်-ဝါးများ ဈေးကောင်းမရ

တရုတ်-ကချင်နယ်စပ် မျှစ်-ဝါးများ ဈေးကောင်းမရ
ပုံဟောင်း (လိုင်ဇာအနီးရှိ ဝေကြိုင်စစ်ရှောင်စခန်းတွင်းမှ မြင်ကွင်း)
ပုံဟောင်း (လိုင်ဇာအနီးရှိ ဝေကြိုင်စစ်ရှောင်စခန်းတွင်းမှ မြင်ကွင်း)

COVID ကပ်ရောဂါ ဖြစ်ပွားချိန်မှစတင်၍ ၃ နှစ်ကျော်ရပ်ထားသည့် တရုတ်နိုင်ငံသို့ ဝါးမျှစ်ချိုးရောင်းချမှုကို လိုင်ဇာအနီးရှိ စစ်ရှောင်ပြည်သူများက ပြန်လည် လုပ်ကိုင်နေကြပြီ ဖြစ်သော်လည်း ဈေးကောင်းမရဟု ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ရာဒေသဖြစ်သည့် လိုင်ဇာမြို့အနီးရှိ မဂါယန်းစစ်ရှောင်စခန်းမှ စစ်ရှောင် ပြည်သူများသည့် မိသားစုစားဝတ်နေရေးပိုင်း အနည်းငယ် အဆင်ပြေစေရေး တရုတ်နိုင်ငံသို့ ရာသီပေါ် ဝါးမျှစ် ကို ချိုးရောင်းချကြသော်လည်း ပြန်လည်လုပ်ကိုင်သည့် ယခုနှစ်မှာပင် ဈေးကောင်းမရဘူးဟု ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦးက “ကောင်းတယ်လို့တော့ ပြောလို့မရပါဘူး။ အရင်ဈေးနဲ့ အခုက ယွမ် ၀.၃၀ ကျော့ (ပြား) လျော့နေတော့ အရင်က ၂ ကီလိုကို တရုတ်ငွေ ယွမ် ၁.၅ ရတယ်။ အခုက ၂ ကီလိုကို တရုတ်ငွေ ၁.၃ ကျော့ (ပြား) ဖြစ်သွားတယ်” ဟု ပြောသည်။

COVID-19 ကာလမှ စတင်ကာ တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ပိတ်သွားပြီးနောက် ၃ နှစ်ကျော်ကြာပြီးနောက် ယခုနှစ် ၂၀၂၃ ခုနှစ်မှ စတင်ကာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လာပြီး ရာသီပေါ် ဝါးမျှစ်ဝယ်ယူမှု ပြန်လည် စတင်လာခြင်း ဖြစ်သည်။

ဈေးကောင်းမရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ စစ်ရှောင်များနှင့် နီးစပ်သူတစ်ဦးက “တရုတ်ပြည်သူ ဝယ်တာတော့ ဟုတ်တယ်။ သူတို့က ကိုယ်စားလှယ်တွေနဲ့ အဆင့်အဆင့် ခွဲပြီးတော့ ဝယ်တယ်လို့ ပြောတယ်။ တကယ်ဒိုင်အဆင့်ကတော့ တရုတ်ပြည်ကပေါ့၊ ၁ ယွမ်ဆိုတော့ ကျပ်ငွေ ၅၀၀ ပေါ့။ အဲ့လောက်ပဲရတယ် လို့ ပြောတယ်။ ဘယ်လိုပြောမလဲ စစ်ရှောင်တွေအတွက် ဟိုဟာဒီဟာ ဖြစ်တာဆိုတာက မဟုတ်ပါဘူး။ အခု ချိန်က အခက်အခဲတဲ့ အချိန်ဆိုတော့ ပိုက်ဆံ ဟိုရှာဒီရှာထွက်ဖို့လည်း အခြေအနေက မကောင်းဘူးလေ။ အဲ့ဒီဟာ ဒီနှစ်မှ ပြန်စခဲ့တာ ဟုတ်တယ်” ဟု ပြောသည်။

နှစ်စဉ် ဝါးမျှစ်ချိုးရသည့် ကာလမှာ ဇူလိုင်လမှ အောက်တိုဘာလ အထိ ဖြစ်ပြီး အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်ရှောင်ပြည်သူအများစုမှာ ဝါးမြစ်ရှာရောင်းနေကြခြင်း ဖြစ်သည်ဟု ကချင်စစ်ရှောင်ပြည်သူများက ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူတစ်ဦးက “အခုတလော ရှာတာကတော့ များတယ်လို့တော့ ပြောလို့ ရတယ်။ ကျောင်းသားတွေဆို ကျောင်းပိတ်ရက်တွေ သွားတယ်။ ညနေပိုင်း ကျောင်းဆင်းချိန်တွေဆို သွားရှာ လေ့ ရှိတယ်။ ဒီညနေတောင် ကျောင်းသားတချို့ သွားရှာ ကြတာတွေ့ လိုက်သေးတယ်။ ဇူလိုင်လကနေစပြီး ချိုးတာ ပေါ့နော်။ ဒီလေးလအတွင်းတော့ အများကြီး အထောက်အကူ ဖြစ်တာပေါ့နော်။ ဒီအရင်ကဆို camp နဲ့ နီးတဲ့ နေရာဆို နေ့စားတွေ ခေါ်တာများတယ်။ ကိုဗစ် ဖြစ်ပြီးသွားတဲ့နောက်ပိုင်း နေ့စားခေါ်တာ သိပ်မရှိတော့ ဘူး။ ဒီလိုမျိုး အလုပ်တွေရှိတော့ ဒီစခန်းမှာရှိတဲ့သူတွေက အများကြီး အကျိုးရှိတာပေါ့။ အခုလောလောဆယ် အလုပ်မရှိတဲ့ သူအတွက်ဆို ပိုပြီးတော့ အဆင်ပြေတယ်” ဟု ပြောသည်။

မိုးတွင်းကာလ ဖြစ်သောကြောင့် လမ်းခရီး အခက်အခဲများရှိပြီး အနီးအနားတွင် ဝါးမျှစ်ရှားပါးလာခြင်း ယခု နှစ်ထဲ ဝါးမျှစ်ရှာရာတွင် အနည်းငယ် အခက်အခဲရှိနေသည်ဟု ဆိုကြသည်။ ထိုသို့ အခက်အခဲများကြားက ဝါး မျှစ်ရှာက ရောင်းချနေရသော်လည်း ယခုနှစ်တွင် စျေးကောင်းမရသောကြောင့် စိတ်ပျက်ရသည်ဟု စစ်ရှောင် များက ပြောသည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “ဝါးမြစ်ရှာတာက နယ်စပ်တစ်လျှောက်မှာက ကိုဗစ်ဖြစ်တဲ့နောက်ပိုင်းကနေ ရပ် ထားခဲ့တာ ဟုတ်တယ်။ ၂၀၂၀ ပေါ့ အခုဆို  ၃ နှစ်ကျော်ကျော်ပေါ့။ ဒီနှစ်မှာ ပြန်စပြီးတော့ ဒီမဂါးယန် စစ်ရှောင် ရယ် အနီးတစ်ဝိုက်မှ ပြန်လုပ်တာ ဟုတ်တယ်။ အခက်အခဲကတော့ တောင်မှာ ရှာရတော့ ကမ်းပါးတွေ မိုးတွင်း ဆိုတော့ ချောတာတွေရှိတယ်။ ချောက်တွေရှိတော့ သယ်ဖို့လည်း ခက်တယ်လေ။ အရင်ကဆို ရှာတဲ့ နေရာက နီးတယ်။ အခုက အရမ်းဝေးသွားတယ်” ဟု ပြောသည်။

မဂါးယန်စစ်ရှောင်စခန်းမှ စစ်ရှောင်ပြည်သူများအပြင် KIO ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ရှောင်များသည် တစ်သျှူးငှက်ပျောခြံများ၊ ငရုတ်ကောင်းခြံများနှင့် ကြံစိုက်ပျိုးရေး လုပ်ငန်းများတွင် နေ့စားအလုပ်ဝင်လုပ်ကြ သည့်အပြင် ရာသီပေါ် မျှစ်၊ အခြားသောသီးနှံများကို ရှာဖွေရောင်းချကာ ရိက္ခာလုံလောက်စွာ ထောက်ပံ့မှုမရှိ သောကြောင့် ဖူလုံမှုမရှိသည့် စားဝတ်နေရေးပြဿနာကို ဖြေရှင်းနေကြရခြင်း ဖြစ်သည်။

ထိုသို့ လုပ်ကိုင်စားသောက်နေရသော်လည်း လုံလောက်ရန်ပင် ခက်ခဲသောကြောင့် ရရာအလုပ်ကို လုပ်ကာ မိသားစု စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေစားသောက်နေကြရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO ထိန်းချုပ်နယ်မြေထဲ စစ်ရှောင်စခန်းပေါင်း ၁၉ ခုခန့်ရှိသည့်အနက် မဂါးယန် စစ်ရှောင်စခန်းသည် ၂၀၁၁ ခုနှစ် စစ်တပ်နှင့် KIA တို့အကြားက တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ နယ်ထဲက ပြည်သူများ စစ်ရှောင်လာကြသည့် စခန်းတခုဖြစ်သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...