ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသ ၉ခုသို့ ဗြိတိန်နိုင်ငံသားများ ခရီးမသွားရန် သတိပေးချက်ထုတ်ပြန်

ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသ ၉ခုသို့ ဗြိတိန်နိုင်ငံသားများ ခရီးမသွားရန် သတိပေးချက်ထုတ်ပြန်
ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်သည့်ပုံ။
ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်သည့်ပုံ။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေဖြစ်နေသည့် ရခိုင်မြောက်ပိုင်း အပါအဝင် မြန်မာနိုင်ငံရှိ တိုင်း နှင့် ပြည်နယ် ၉ ခုသို့ ဗြိတိန်နိုင်ငံသားများ ခရီးသွားခြင်း လုံးဝမပြုလုပ်ရန် ဗြိတိန်အစိုးရက သတိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့သည်။

အဆိုပါ သတိပေး ထုတ်ပြန်ချက်အား ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး (The Foreign, Commonwealth and Development Office- FCDO) က စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပြီး ဗြိတိန်နိုင်ငံသားများအတွက် ခရီးသွားလာခြင်းဆိုင်ရာ အကြုံပြုကြေညာချက်မှာ ထည့်သွင်းဖော်ပြထားသည်။

၎င်းတိုင်းနှင့် ပြည်နယ် ၉ ခုမှာ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား၊ ကရင်၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီတိုင်းမြောက်ပိုင်းဒေသတို့ ဖြစ်ကြသည်။

ထို့အပြင် မဖြစ်မနေမှလွဲ၍ ခရီးမသွားသင့်သောဒေသများအဖြစ် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီ တောင် ပိုင်း၊ ရခိုင်ပြည်နယ် အလယ်ပိုင်းနှင့် စစ်တွေခရိုင်တို့ကို ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ လုံခြုံရေးအခြေအနေသည် မှန်းဆ၍မရနိုင်သည့်အပြင် သတိပေးမှု မရှိဘဲ ပြောင်းလဲလွယ်သည့်သဘော ရှိနေသည့်အတွက် ယခုလို တားမြစ်ရသည်ဟု အဆိုပါထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်အထဲတွင် ရခိုင်ပြည်မြောက်ပိုင်းကိုလည်း သွားလာခြင်း မပြုလုပ်ရန် တားမြစ်ချက် ပါဝင် နေခြင်းနှင့် ပတ်သက်ပြီး ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။

“ရခိုင်မြောက်ပိုင်းက တည်ငြိမ်နေပေမယ့် တိုက်ပွဲများ အချိန်မရွေး ဖြစ်လာနိုင်တယ်လို့ သူတို့ ယူဆတဲ့အတွက် လုံခြုံမှုအရ သတိပေးတားမြစ်တာလို့ ထင်ပါတယ်” ဟု ပြောသည်။

ယခု ဗြိတိန်နိုင်ငံက ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကို မီဒီယာများမှ တဆင့် တစ်ကမ္ဘာလုံးက သိနေသည့်အတွက် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများကို လုံခြုံ ရေး စိုးရိမ်မှုရှိ၍ တားမြစ်ခြင်းမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ကြောင်း ဦးဖေသန်းက နိရဉ္စရာသို့ ဆက်လက် ပြောဆို သည်။

“တခြားနိုင်ငံတွေမှာ သူတို့နိုင်ငံသားတွေကို သူတို့ကိုယ်တိုင်ကာကွယ်တယ်။ ကျနော်တို့နိုင်ငံမှာ အစိုးရက ပြည် သူတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တာ အခုမှာမဟုတ်ပါဘူး။ ပြည်ပမှာ ဒုက္ခရောက်နေရင်လည်း မကာကွယ်နိုင်၊ သံရုံးတွေကလည်း မဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ်နိုင်ငံသားတွေကို သတ်ဖြတ်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ ရွာတွေကို မီးရှို့နေတယ်။ ပြည်သူတွေကို သံသယဝင်ပြီး ရန်သူလို့ သတ်မှတ်လာတယ်။ သူတို့ အာဏာ တည်မြဲဖို့အတွက် ပြည်သူတွေကိုနှိပ်စက်တာ ခြိမ်းခြောက်တာ အနိုင်ကျင့်တာတွေက လုပ်ရိုးလုပ်စဉ် ဖြစ်နေပြီ။ ဒါတွေက စစ်အာဏာစသိမ်းကတည်း ဆက်တိုင်း လုပ်လာတဲ့ ကိစ္စရပ်တွေပါ။ ဒီနိုင်ငံရဲ့ အစိုးရက မိဘ တူတဲ့ အစိုးရမဟုတ်ဘူး။ ရန်သူနဲ့ တူတဲ့ အစိုးရပေါ့။ မိဘတူတဲ့ အစိုးရက ပြည်သူတွေအပေါ် စိုးရိမ်စိတ်ရှိတယ်။ ကာကွယ်တာပေါ့” ဟု သုံးသပ်သည်။

နိုင်ငံတစ်ဝန်းတွင်လည်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်း အန္တရာယ်များအပြင် လက်နက်ကိုင်ပဋိပက္ခများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေကြောင်း FCDO ဖော်ပြထား သည်။

နိုင်ငံခြားသားများ ပုံမှန်အားဖြင့် ကြိမ်ဖန်များစွာ သွားရောက်ခဲ့သည့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ရှော့ပင်း မောများနှင့် ဝန်ဆောင်မှုများပေးသော် စသည့်နေရာများတွင်လည်း တိုက်ခိုက်မှုများ ဖြစ်နိုင်ကြောင့် သတိပေး ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင်လည်း မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် ၈ ခုမှ ဒေသအများအပြားသို့ ခရီးသွား လာခြင်း မပြုကြရန် ဗြိတိန်အစိုးရ (FCDO) က သတိပေးထုတ်ပြန်ခဲ့သေးသည်။

ဓာတ်ပုံ - ဗြိတိန်နိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးရေးရုံး (FCDO) မှ ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်သည့်ပုံ။

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...