သံတွဲတွင် PDF ကို အကြောင်းပြကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရှာဖွေမှုပြုလုပ်

သံတွဲတွင် PDF ကို အကြောင်းပြကာ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရှာဖွေမှုပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ဝင်များကို အကြောင်းပြကာ စစ်ကောင်စီ တပ်က အင်အားအများအပြားဖြင့် တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များကို ရှာဖွေမှု ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

စက်တင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် သံတွဲမြို့မှ စစ်အင်အား ၆၀ ခန့်ပါသည့် စစ်ကား (၃) စီးသည် သံတွဲမှ မိုင် ၃၀ ခန့်အကွာရှိ ပုရစ်နှင့် ရေကောက်ကျေးရွာဟောင်းသို့ ရောက်ရှိလာပြီး ယင်းရွာများနှင့် အနီးဝန်းကျင်ရှိ တောထဲနေရာများတွင် လက်နက်အင်အားအပြည့်အစုံဖြင့် PDF များကို ရှာဖွေနေခဲ့သည်ဟု ဒေသခံများက ပြော သည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ရေအားလျှပ်စစ် စီမံကိန်းနားက ၅ မိုင်လမ်းကနေပြီးလာတာ။ သံတွဲက နေဆို မိုင် ၃၀ လောက်ဝေးတဲ့ တောထဲ၊ အရင် ပုရစ်၊ ရေကောက်ရွာဟောင်းမှာ စစ်ကား ၃ စီးနဲ့ စစ်သား ၆၀ လောက် လက်နက်အင်အားအပြည့်နဲ့ ရောက်နေကြတာပါ။ သူတို့ကတော့ PDF ရှာတယ်လို့ပြောတယ်။ ၁၅ ရက် နေ့ မနက်ပိုင်းကနေ တောထဲမှာ ကင်းပုန်း ဝပ်နေတာ။ ဘာတွေ ကြံစည်နေလဲတော့ မသိဘူး” ဟု ပြောသည်။

ညအချိန်များတွင်လည်း တောတွင်းနေရာ တစ်ဝိုက်ကို လှည့်ပတ်ကာ သွားလာရှာဖွေမှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ကြသည်။

စစ်ကောင်စီအနေဖြင့် သံတွဲဘက်တွင် PDF ကို အကြောင်းပြကာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သူများကို ရှာဖွေနေခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။

ယင်းအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အုပ်ချုပ်ရေးယန္တရား အများအပြားမှာ ရက္ခိုင့်တပ်တော် လက်ထဲ ကျရောက်သွားပြီ ဖြစ်သဖြင့် စစ်ကောင်စီက တောင်ပိုင်း ဒေသများကို အုပ်ချုပ်ရေး လက်မလွတ်စေရေး လုပ် ဆောင်နေခြင်း ဖြစ်နိုင်သည်ဟုလည်း သုံးသပ်နေကြသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်၏ လှည့်လည်သွားလာမှုများ ရှိနေသည့်အတွက် တောတောင်ကို မှီခိုကာ လုပ် ကိုင် စားသောက်နေရသည့် တောင်ယာသမားများနှင့် မျှစ်ခူး၊ ဟင်းရှာသည့်ဒေသခံများ တောထဲသို့ မဝင်ရဲဘဲ အလုပ်အကိုင်များကို ရပ်နားထားရသည်ဟု ဒေသခံများက ဆိုသည်။

အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “တောထဲမှာ ပတ်ပြီးသွားနေတော့ ဟင်းရှာ၊ မျှစ်ခူးတဲ့လူတွေလည်း အခု တောထဲသွားလို့မရပါဘူး။ တောင်ယာသမားတွေ အလုပ်တွေကို ရပ်ထားကြရပါတယ်။ ဘယ်လောက်ကြာ အုံးမယ် ဆိုတာလဲ မသိရပါဘူး” ဟု ပြောသည်။

သံတွဲမြို့ပေါ်နှင့် မြို့အဝင်အထွက် ဂိတ်များတွင်လည်း ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သားများက စစ်ဆေးမှုများ တင်းကျပ်လျက်ရှိပြီး ကားနှင့် ဆိုင်ကယ်များကိုလည်း ဖွင့်ကာ စစ်ဆေးနေသည်ဟု ဆိုကြသည်။

သံတွဲမြို့နယ် အပါအဝင် ရခိုင်ရှိ မြို့အချို့တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က အမျိုးသမီးအချို့ အပါအဝင် လူမှုရေး လှုပ်ရှားသူအချို့နှင့် ဒေသခံအချို့သည် PDF နှင့်ဆက်စပ်ပြီး PDF အား ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီ၏ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရသည်။

ဓာတ်ပုံ - ပုံဟောင်း

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...