မြန်မာနိုင်ငံအနှံ့ စစ်တပ်ထုတ်ကုန်များ ရောင်းအားကျနေသော်လည်း ရခိုင်တွင် ရောင်းအားကောင်းနေဆဲ

မြန်မာနိုင်ငံအနှံ့ စစ်တပ်ထုတ်ကုန်များ ရောင်းအားကျနေသော်လည်း ရခိုင်တွင် ရောင်းအားကောင်းနေဆဲ

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်တပ်ထုတ်ကုန်များရောင်းအားကျနေသော်လည်း ရခိုင်ပြည်နယ်တွင် စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာ၊ ဆေးလိပ်များနှင့် ဆက်သွယ်ရေး ဆင်းကဒ်များ ဆက်လက် ရောင်းအားကောင်းနေဆဲ ဖြစ်သည်ဟု သတင်းရရှိသည်။

ရခိုင်တွင် ရောင်းအားကောင်းနေသည့် စစ်တပ် ထုတ်ကုန်များမှာ မြန်မာဘီယာ၊ ဒဂုံအရက်၊ ဘီယာ၊ အချိုရည်၊ Andaman Gold အရက်၊ ဘီယာ၊ အချိုရည်၊ Black Shield ဘီယာ၊ မန္တလေးဘီယာ၊ မန္တလေးရမ်၊ အာမီရမ်၊ Red Ruby ဆေးလိပ်၊ Premium Gold ဆေးလိပ်များနှင့် MYTEL ဆက်သွယ်ရေးဆင်းကဒ်များဖြစ်ကြသည်။

အဆိုပါထုတ်ကုန်များ ရခိုင်တွင် ရောင်းအားကောင်းနေခြင်းမှာ စစ်တပ်ထုတ်ကုန်များသည် ဈေးနှုန်းချိုသာခြင်း ကြောင့်ဖြစ်သည်ဟု အမည်မဖော်လိုသည့် ရခိုင်မှ အရက်ဘီယာ ရောင်းချသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ‌ပြောသည်။

“စစ်တပ်ထုတ်ကုန် အရက်၊ ဘီယာတွေက ဈေးသက်သာတယ်လေ။ အဲဒါကြောင့် လူသောက်များတယ်” ဟု ပြောသည်။

အဆိုပါအရက်၊ ဘီယာများနှင့် ဆေးလိပ်ဖာများကို နေ့စဉ် ရာနှင့်ချီ ရခိုင်ပြည်သို့ ကုန်ကားများဖြင့် ပို့ဆောင်ပေး လျက်ရှိနေသည်ဟု ဒေသခံမျက်မြင်များက ပြောသည်။

ယခုကဲ့သို့ စစ်တပ်ထုတ်ကုန်များ ရခိုင်ပြည်တွင် ရောင်းအားကောင်းနေခြင်းမှာ ဈေးနှုန်းချိုသာသလို ကံစမ်းမဲ များဖြင့် ဆွဲဆောင်မှုရှိသောကြောင့် ဖြစ်သည်ဟုလည်း ရခိုင်လူငယ်အချို့က ပြောသည်။

ယခုနောက်ပိုင်းဆိုလျှင် ရခိုင်ပြည်နယ်အတွင်း စစ်တွေကဲ့သို့ မြို့ကြီးများတွင် Bar များ ပေါ်ပေါက်လာနေပြီး ယင်းနေရာများတွင်လည်း စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာများနှင့် ဆေးလိပ်များကို တွင်တွင် ကျယ်ကျယ် ရောင်းဝယ်သုံးစွဲလျက်ရှိကြသည် ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ပိုမိုသုံးစွဲခွင့်ရလာ၍ ပိုမိုသုံးစွဲလာနေကြသည့်အတွက် လူငယ်လူရွယ်များ မူးယစ်သားကောင် ဘဝသို့ ကျရောက်နေကြရသည်ဟု လည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီသည် စစ်တပ် ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာအပါအဝင် တခြားထုတ်ကုန်များမှ အကျိုးအမြတ် ငွေကြေးများရရှိနေသည့်အတွက် စစ်ကောင်စီတပ်ကို သက်ဆိုးရှည်စေသဖြင့် ပြည်သူများအနေဖြင့် လုံးဝ မသုံး စွဲသင့်ဟု ရသေ့တောင်မြို့နယ်မှ လူငယ်တစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

“ရခိုင်ပြည်ထဲမှာက စစ်တပ်ထုတ်တဲ့ပစ္စည်းတွေအများကြီးသုံးစွဲနေတာပဲ။  တကယ်တော့ လုံးဝကို မသုံးသင့် တာ” ဟု ပြောသည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)အဆင့်မြင့် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအေးထွန်း(ခေါ်) ထွန်းမင်းနိုင် ကလည်း စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ကြရန် သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ မေလ ၁၇ ရက်က သတိပေး ရေးသားခဲ့သည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်ထဲသို့ ပြည်မဘက်က တင်ပို့သည့် ကုန်စည်စီးဆင်းမှုများကို အနှောင့်အယှက် ပေး ကန့်သတ်မှုများ ပြုလုပ်ကာ ရခိုင်ပြည်သူလူထု အကျပ်အတည်းဆိုက်အောင် အနုနည်းဖြင့် ပြုလုပ်နေသော် လည်း  စစ်ကောင်စီ၏ အရက်၊ ဘီယာ၊ စီကရက် ထုတ်ကုန်ပစ္စည်းများကိုမူ အတားအဆီးမရှိ သလဟော တင် သွင်းနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုသည်။

ရခိုင်ပြည်သူများက မိမိလူထုအပေါ် နည်းအမျိုးမျိုးဖြင့် အနိုင်ကျင့်နေသော်လည်း  စစ်တပ်အပေါ် စိတ်နာခြင်း မရှိခြင်းကြောင့် စစ်တပ်ထုတ်ကုန်များကို ဆက်လက်သုံးစွဲနေကြခြင်း ဖြစ်သည်ဟုလည်း မလေးရှားရောက် ကျောက်တော်ဒေသခံ ကိုဇော်ဇော်ထွန်းက နိရဉ္စရာကိုပြောသည်။

“ရက္ခိုင့်တပ်တော်က မပိတ်ပင်တောင်မှ ပြည်သူတွေက စိတ်မနာတတ်လို့ ရောင်းအားကောင်းနေတဲ့ ကိစ္စပါ။ အပျော်အပါး မက်တယ်။ တစ်ခုခုဆို အရက်မပါရင် မပြီးဘူး။ လွယ်လွယ်ကူကူ ဝယ်လို့ ရတာဆိုလို့ စစ်တပ် ထုတ်ကုန်ပဲရှိတယ်လေ” ဟု ပြောသည်။

အဆိုပါ စစ်တပ်ထုတ်ကုန်များအနက် MYTEL ဆက်သွယ်ရေးကုမ္ပဏီတစ်ခုတည်းမှ စစ်တပ်သည် ၁၀ နှစ်အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ခံစားခွင့်ရှိမည်ဖြစ်ကြောင်း Justice For Myanmar အဖွဲ့က ဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်တပ်က မြန်မာတစ်နိုင်ငံလုံးကို အာဏာ သိမ်းပြီးသည့်နောက် စစ်တပ် ထုတ်ကုန်များကို တစ်နိုင်လုံးက မသုံးစွဲကြရန် သပိတ် မှောက် လှုပ်ရှားမှုများပြုလုပ်ခဲ့ကြသော်လည်း ရခိုင်တွင် ဆက်လက် သုံးစွဲလျက်ရှိနေသည်။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...