မွန်ပြည်နယ်မှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချမှုရှိမရှိ စစ်ဆေးနေပြီး ဆိုင်တင်ရောင်းဖို့ ဖိအားပေး

မွန်ပြည်နယ်မှာ စစ်တပ်ထုတ်ကုန်တွေ ရောင်းချမှုရှိမရှိ စစ်ဆေးနေပြီး ဆိုင်တင်ရောင်းဖို့ ဖိအားပေး

မွန်ပြည်နယ်အတွင်းရှိ ကုန်စုံဆိုင်တွေနဲ့ ဈေးဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းချထားမှု ရှိမရှိ စစ်ဆေးတာတွေ ပြုလုပ်နေပြီး မဖြစ်မနေ ဆိုင်တင်ရောင်းချကြဖို့ စစ်ကောင်စီဘက်က ဖိအားပေးနေတယ်လို့ ဆိုင်ပိုင်ရှင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နဲ့ ရေးမြို့နယ်တို့မှာ ဌာနစုံပါဝင်တဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ တွေဟာ ရဲ၊ စစ်တပ်တွေရဲ့ လုံခြုံရေးအကာအကွယ်နဲ့ မြို့ပေါ်နှင့် ကျေးရွာတချို့က ကုန်စုံ ဆိုင်တွေကို ဝင်ရောက် ပြီး စစ်တပ်ထုတ်ကုန်တွေ ရောင်း၊ မရောင်း မေးမြန်းစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

သံဖြူဇရပ်မြို့ခံတစ်ဦးကလည်း “ဟိုတစ်နေ့က ကျွန်တော်တွေ့လိုက်တယ်။ ထွေအုပ်ရယ်၊ စစ်တပ်ရယ် ပူးပေါင်း ပြီးတော့ မြို့ထဲကဆိုင်တွေကို ဝင်ထွက်စစ်ဆေးနေတာ တွေ့တယ်။ အဓိကစစ်ဆေးတာက ကုန်ပစ္စည်းတွေကို လက်ရှိပေါက်ဈေးထက် ဈေးတင်မရောင်းဖို့ရယ်၊ ပြီးတော့ သူ့ရဲ့စစ်တပ်ထုတ် ပစ္စည်းတွေကို ရောင်းချဖို့ရယ်၊ အဲဒီလိုမျိုး စစ်ဆေးတာတွေပါပဲ” လို့ ပြောပါတယ်။

စစ်တပ်ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာဘီယာအပါအဝင် Andaman Gold ၊ Dagon၊ Black Shield ၊ Army Rum စတဲ့ အမည်နဲ့ အရက်၊ဘီယာ၊အချိုရည်တွေအပြင် Red Ruby စီးကရက်နဲ့ Premiun Gold စီးကရက်တို့ကို တင် မရောင်းတဲ့ ဆိုင်တွေကို ပိတ်သိမ်းပစ်မယ်ဆိုပြီး စစ်ကောင်စီဘက်က ခြိမ်း ခြောက်ပြောဆိုတာတွေ ရှိနေတာပါ။

ဘီးလင်းမြို့က ဆိုင်ပိုင်ရှင်တစ်ဦးကလည်း “လက်ရှိ စစ်တပ်ကပစ္စည်းတွေ ရောင်းမရောင်း လာစစ်မယ်လို့ ပြော တာပဲ။ ကျွန်တော်ကြားတာက‌တော့ စစ်တပ်ကထုတ်တဲ့ပစ္စည်းတွေ လိုက်စစ်မယ်လို့ ပြောတာပဲ။ အရေးယူမယ် ဘာညာတော့ မကြားသေးဘူး။ အခုကြားတာက မရောင်းဘူးဆို ဆိုင်ပိတ်ခိုင်းတဲ့ ပုံစံမျိုးပေါ့။ မရောင်းရင် လုံးလုံးမရောင်းနဲ့၊‌ ရောင်းရင် (စစ်တပ်) သူတို့ပစ္စည်းပဲ ရောင်းဆိုပြီး အဲဒီလိုမျိုးလုပ်နေတာ။ ဘေးကျပ်နံကျပ် ဖြစ် ရတယ် တကယ်မလွှဲသာလို့ဆို ကောက်တင်ထားမှာပေါ့၊ဟန်ပြပေါ့ လာစစ်ရင်ထုတ်ပြလိုက်မယ်။ ကျန်တဲ့ဟာ တွေ ရောင်းလို့ကုန်သွားပြီဘာညာနဲ့ အဲဒီလိုမျိုးပဲ လုပ်မယ်” လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်တွေကို ပြည်သူတွေ သပိတ်မှောက်ထားကြတဲ့အပေါ် စီးပွားရေး အရ အထိနာနေတဲ့ စစ်ကောင်စီဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ညှိနှိုင်းအစည်းအဝေးတွေ ခေါ်ယူပြီး နိုင်ငံ တဝန်းရှိ ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းချမှု ရှိ၊မရှိ စိစစ်ဖို့ ညွှန်ကြားနေရတဲ့ အခြေအနေထိ ဖြစ်လာတာပါ။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုယ်တိုင် စစ်တပ်ထုတ်ကုန် အရက်ဘီယာတွေနဲ့ အခြားပစ္စည်း တွေကို နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက ဈေးဝယ်စင်တာတွေ၊ စူပါမားကတ်တွေ စတိုးဆိုင် တွေနဲ့ ဈေးဆိုင်တွေမှာ ပြန်လည်ရောင်းချနိုင်ဖို့ ညွှန်ကြားခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖက်ဆစ်ဝင်ငွေ တွေကို ဖြတ်တောက်တဲ့ လှုပ်ရှားမှုဟာ စစ်တပ်ဘက်က အတင်းအကြပ်ဖိအားပေးတာမျိုးတွေ လုပ်ရတဲ့အထိ ကြောက်လန့်တကြား တုံ့ပြန်နေရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုရဲ့ ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည်သူ့ဘဏ္ဍာတည်ဆောက်ဆိုတဲ့ လှုပ်ရှားမှုက အတော်လေးအောင်မြင် တယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ အခုဆို အကြမ်းဖက်စစ်တပ်ဘက်က ဒီကိစ္စကို အတင်းအကြပ် ဖိအား ပေးတာမျိုးတွေ အစည်းအဝေးတွေ လုပ်ရတာမျိုးတွေ တွေ့ရတယ်။ ဒါက ကြောက်လန့်တကြား တုန့်ပြန်နေရတဲ့ အနေအထားပေါ့။ အမှန်တိုင်းပြောရရင် ဒါကပထမအဆင့်ပဲ ရှိပါသေးတယ်။ အခုဒီ ၂လကို အရက်၊ ဘီယာ၊ ဆေးလိပ်ပေါ့။ ဒါကိုပစ်မှတ်ထားပြီး လုပ်နေတာတွေ့ရတယ်။ ဒီ ၂လ ပြည့်သွားရင် ဒုတိယခြေလှမ်းအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေကို တစ်စုံတစ်ရာ ထောက်ပံ့ပေးနေတဲ့ စစ်တပ်ပိုင်ထုတ်ကုန်တွေကို သပိတ် မှောက်တဲ့ လှုပ်ရှားမှုတွေက ဆက်တိုက် လှုပ် ရှားသွားမယ့် အခြေအနေ ကြေညာထားတာလည်း တွေ့ရမှာပါ။ အထူးသဖြင့် ပြည်သူလူထုရဲ့ တော် လှန်ရေးမှာ တစိုက်မတ်မတ်ပါဝင်မှုကို စစ်တပ်ဘက်က တော်တော်လေး ထိတ်လန့်တုန်လှုပ်နေတဲ့ အ နေအထားကို ဖော်ပြတာလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်ကစပြီး စက်တင်ဘာအထိ မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ “ဖက်ဆစ်ဝင်ငွေဖြတ်တောက် ပြည် သူ့ ဘဏ္ဍာတည်ဆောက်” ဆိုတဲ့ ကမ်ပိန်းနဲ့ နေ့စဉ်နဲ့အမျှ စစ်တပ်ထုတ်ကုန်တွေ ဝယ်ယူ မသုံးစွဲကြဖို့ တိုက်တွန်း နှိုးဆော်နေကြတာပါ။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကတော့ သက်ဆိုင်ရာဒေသအတွင်းရှိ ဆိုင်တွေမှာ စစ်တပ်ထုတ်ကုန် အရက်ဘီယာဆေးလိပ်အပါအဝင် အခြားသော ကုန်ပစ္စည်းတွေ မရောင်းချကြဖို့နဲ့ ရောင်းချတာတွေ တွေ့ရှိခဲ့ရင် လည်း သိမ်းယူဖျက်ဆီးပစ်မယ်လို့ ကြေညာချက် ထုတ်ပြန်ထားကြပါတယ်။

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...