ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ၂၀ ဦးသေဆုံး

ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ၂၀ ဦးသေဆုံး

ချင်းပြည်နယ်တွင် နှစ်နှစ်ကျော်ကာလအတွင်း မြေမြုပ်မိုင်းကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအ၀င် အရပ်သား ပြည်သူ ၂၀ ဦးသေဆုံးပြီး ၃၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေးပြင်းထန်သည့် ချင်းပြည်နယ်တွင် စစ်ကြောင်းထိုးစဥ် ထောင်ထား သော စစ်ကောင်စီတပ်ဖွဲ့များ၏ မြေမြုပ်မိုင်းများကို အရပ်သားပြည်သူများမှ နင်းမိရာ ထိခိုက် ဒဏ်ရာရရှိကြသည့် အပြင် အသက်သေဆုံးမှုများ ကြုံတွေ့နေကြရသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ မှာ စီမံကိန်း ဒါရိုက်တာ ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

”စစ်ကောင်စီက စစ်ကြောင်းထိုးတိုင်း သူတို့ ရွာမှာတွေတပ်စွဲတယ်၊ ဘုရားကျောင်းတွေမှာ တပ်စွဲတယ်ဆိုရင်၊ အဲ့လိုမျိုး တပ်စွဲပြီးတော့ သူတို့ပြန်လှည့်တဲ့အခါမှာ သူတို့ ဗလာကြီးထားခဲ့တာမဟုတ်ဘူး၊ အဲ့ဒီမှာ မိုင်းတွေ ထောင်ထားပြီးတော့ ပြည်သူလူထုတွေရဲ့ အပြန်လမ်းနားမှာတွေ မိုင်းထောင်ထားတယ်၊ အဲ့ဒီစစ်ဘေးရှောင်တွေ က သူတို့ရဲ့ ရွာကို ပြန်လာတဲ့ အခါမှာ အဲ့ဒီမိုင်းနှင်းမိပြီးတော့ သေဆုံးတာများတယ်” ဟု ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

ထိုသို့ မြေမြုပ်မိုင်းကြောင့် ကလေး ၁ ဦးနှင့် အမျိုးသမီး ၄ ဦးအပါဝင် စုစုပေါင်း ပြည်သူ အယောက် ၂၀ သေဆုံး ခဲ့သည်။

ထို့အပြင် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူ ကလေး ၃ ဦး နှင့် အမျိုးသမီး ၁၁ ဦးအပါဝင် ပြည်သူ စုစုပေါင်း ၃၇ ဦး ရှိပြီး ၎င်းတို့မှာ ခြေပြတ်၊ လက်ပြတ်မှုများကြောင့် ဒုက္ခိတဘဝသို့ ကျရောက်ခဲ့ကြရသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုးသည့်နေရာ ကျေးလက်ဒေသရှိ ပြည်သူများမှာ မိမိနေအိမ်ကို စွန့်ခွာ တိမ်း‌ ရှောင်ခဲ့ကြရသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် အများပြည်သူသွားလာသောနေရာ လမ်းနှင့် ကျေးရွာ အနီးတစ်ဝိုက်တွင် နင်းမိုင်းများ ထောင်ထားလေ့ရှိပြီး ယင်းသည် ပြည်သူလူထုကို ရည်ရွယ်ချက်ထား တိုက်ခိုက် ခြင်းသာ ဖြစ်ကြောင်း ဆလိုင်းမာန်ဟရဲလျန်က ပြောသည်။

စစ်ကောင်စီ၏ မိုင်းဒဏ်သင့်ပြည်သူများမှာ တောင်ယာနှင့် လယ်ယာစိုက်ခင်းလုပ်ငန်းများ လုပ်ဆောင်ရန် အခက်အခဲ ကြုံတွေ့နေကြရသည့် အတွက် စီးပွားရေးနှင့် စားဝတ်နေရေးပိုင်းမှာလည်း များစွာ ခက်ခဲလာကြ သည်ဟု ဆိုသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး စစ်ဆင်ရေးဖော်ဆောင်ရာတွင် မြေမြုပ်မိုင်းများ ပိုမို အသုံးပြုလာသည့်အပြင် တိုက်ပွဲအရှိန်မြင့်လာနိုင်ပြီး မိုင်းဒဏ်ထိခိုက်နစ်နာရှုံးဆုံးမှုများမှ ကြိုတင်ကာကွယ်ရေး အသိပညာနှင့် အထောက်အကူပစ္စည်းများ ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း ဆလိုင်း မာန်ဟရဲလျန်က ပြော သည်။

“အဓိကတော့လေး နိုင်ငံတကာအဖွဲ့စည်းသော်လည်းကောင်း ပြည်တွင်းမှာသော်လည်းကောင်း အဲ့ဒီ မြေမြုပ်မိုင်း အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ အသိပညာတွေ အများကြီးပေးဖို့လိုတယ်၊ အဲ့ဒီအသိပညာပေးတဲ့နေရာမှာ အသိ ပညာ ပေးတာတင်မဟုတ်ပဲနဲ့ မြေမြုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ ဒီဟာမျိုးကို ဒုက္ခမရောက်အောင်ပေါ့လေး၊ ဆက် စပ်ကိရိယာပေါ့နော် နည်းပညာအထောက်အကူ ကူညီပေးဖို့တွေလည်း အများကြီးလိုတယ်” ဟု ဆလိုင်းမာန်ဟရဲလျန် က ပြောသည်။

ယခု မိုင်းကြောင့် ထိခိုက်သူများအနက် ၂ ဦးမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ ဘက်မှထောင်ထားသော မိုင်းကြောင့်ဟု သိရပြီး ကျန်အများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်းဒဏ်ကြောင့်ဖြစ်ကြောင်း  ချင်းလူ့အခွင့်အရေးအဖွဲ့ က ဆို သည်။

၂၀၂၁ ခုစ်မှ ၂၀၂၃ နှစ်အထိ မြေမြုပ်မိုင်းပေါက်ကွဲမှုဒဏ်သင့် ဖလမ်းမြို့နယ်တွင် ၁၁ ဦး၊ ဟားခါးမြို့နယ်တွင် ၁၀ ဦး၊ မတူပီမြို့နယ်တွင် ၉ ဦး၊ တီးတိန်မြို့နယ်တွင် ၉ ဦး၊ မင်းတပ်မြို့နယ်တွင် ၇ ဦး၊ ပလက်ဝမြို့နယ်တွင် ၇ ဦး၊ ထန်တလန် မြို့နယ်တွင် ၃ ဦးနှင့် ကန်ပက်လက်မြို့နယ်တွင် တစ်ဦးရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ ဆိုသည်။

စစ်အာဏာသိမ်းမှု မဖြစ်ပွားခင်ကလည်း ရခိုင်တပ်တော် ‌AA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် ခဲ့ပြီး ပလက်ဝမြို့နယ်ဒေသတွင်သာ မြေမြုပ်မိုင်းဒဏ် ခံရသူရှိခဲ့‌သော်လည်း ယခု စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တစ်ခုလုံး မြေမြုပ်မိုင်းဒဏ်သင့်ပြည်သူအရေအတွက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

Photo – CHRO

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...