ကျေးရွာများအား တားမြစ် ဗုံးများ ကြဲချ

ကျေးရွာများအား တားမြစ် ဗုံးများ ကြဲချ

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲက ကျေးရွာ ၄ ရွာအား စစ်ကောင်စီလေတပ်က နိုင်ငံတကာက သုံးခွင့်ပိတ်ပင်ထားသည့် ဖျက်အားပြင်း ပဒေသာဗုံးဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများနှင့် KNU က ပြောသည်။

ဖာပွန်ခရိုင်ထဲရှိ စစ်ကောင်စီတပ်၏ ခေးပူးစခန်းကို KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာလ ၆ ရက်နေ့တွင် ဝင်ရောက်စီးနင်းသိမ်းပိုက်ခံရပြီး နောက်ရက်တွင် ယခုကဲ့သို့ လူထုနေရပ်ရွာများထဲ စစ်တပ်က တန်ပြန်ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။

မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက “အခုလို တိုက်လေယာဉ်နဲ့ လိုက်လံဗုံးကြဲတဲ့ နေရာတွေက KNU  နဲ့ သက်ဆိုင်တဲ့ ရုံးတွေရှိတဲ့ နေရာတွေ မဟုတ်ဘူး။ ရွာ ပြည်သူတွေနေတဲ့ ရွာပါ။ သူတို့စခန်းသိမ်းခံရပြီး နောက် ရက်ကို အခုလိုမျိုး ပဒေသဗုံးနဲ့ ကြဲခဲ့တာပါ” ဟု ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့တွင် ဖာပွန်ခရိုင်ထဲက ခေးပူအုပ်စုသေသူးခီးကျေးရွာ၊ လယ်မူပလောကျေးရွာအုပ်စု ကော်ရိုဘောထကျေးရွာ၊ ဒွယ်ထိုးမြို့နယ် နားကိုခီးကျေးရွာအုပ်စု ထီးကော်ထာကျေးရွာနှင့် ပေးကေးကျေးရွာ အုပ်စုအတွင်းရှိ တမေထာကျေးရွာတို့ကို ပေါင်ချိန်  ၅၀၀ ကျော် ရှိသည့် ပဒေသာဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု KNU တပ်မဟာ ၅ က ထုတ်ပြန်ထားသည်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ကျောင်းဆရာနှင့် ကျောင်းသား ၄ ဦးလည်း သေဆုံးခဲ့သည်ဟု KNU က ဆိုသည်။

ဒေသခံတစ်ဦးက “အဲ့နေ့က ဒဏ်ရာရတဲ့လူက ၇ ယောက်ရှိတယ်ပေါ့နော်။ တစ်ယောက်ပဲ သိပ်မစိုးရိမ်ရတာပါ။ ကျန်တဲ့လူတွေက ဒဏ်ရာပြင်းထန်တယ်။ စိုးရိမ်ရတယ်ပေါ့နော်။ နောက်ပြီး ကျနော်တို့ ဒီသရာဖါးဒါးကတော့ သေသွားတယ်။ သေတဲ့လူတွေထဲ ကလေးတွေလည်းပါတယ် အားလုံး ၄ ယောက်ပေါ့နော်။ အခုထိလည်း လူထု ကတော့ မပြန်ရဲကြသေးဘူး” ဟု ပြောသည်။

ထိုသို့ ပြည်သူလူထုအပေါ် ရန်သူသဖွယ် ရည်ရွယ်ချက်ရှိရှိနှင့် လိုက်လံပစ်ခတ် သတ်ဖြတ်နေသည့် စစ်ကောင်စီ အပေါ် ကမ္ဘာ့ကုလသမဂ္ဂ (UN) အပါအဝင် ကမ္ဘာ့နိုင်ငံကြီးဒီမိုကရေစီ နိုင်ငံများအနေဖြင့် အရေးယူမှုများ အမြန် ဆုံး ဆောင်ရွက်ပေးရန် KNU ဖာပွန်ခရိုင် အလုပ်အမှုဆောင်ကော်မတီက ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆို သည်။

လေကြောင်းမှ တိုက်လေယာဉ်များ၊ ဂျက်ဖိုက်တာများဖြင့် နိုင်ငံတကာက သုံးခွင့်ပိတ်ထားသည့် ဖျက်အားပြင်း ပဒေသာဗုံးများအပြင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အရပ်သားပစ်မှတ် စစ်ရေးပစ်မှတ် မခွဲခြားဘဲ ပစ် ခတ်နေသည့်အပေါ် ဆန့်ကျင်ကြောင်းနှင့် နိုင်ငံတကာအနေဖြင့်လည်း အရေးယူမှုများ အမြန်ဆုံး ဆောင်ရွက်ပေး ရန် စက်တင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားသည်။

KNU ဗဟိုကလည်း ဖာပွန်ခရိုင်အတွင်း အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်နေသည့် စစ်ကောင်စီတပ်အား ပိုမိုထိရောက်သည့် လက်တွေ့ကျ သော နည်းလမ်းများကို သုံးကာ တိုးချဲ့ပိတ်ဆို့အရေးယူပေးဖို့ နိုင်ငံတကာထံ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန် တောင်းဆိုထားသည်။

KNU ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံများ၏ ပြောပြချက်များအရညဖာပွန်ခရိုင်ထဲတွင် စက်တင်ဘာလ ဒုတိယ ပတ်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ကရင်အမျိုးသား အစည်း အရုံး (KNU) ၏ စက်တင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ဩဂုတ်လအတွင်း၌ လည်း တိုက်ပွဲပေါင်း အကြိမ်ရေ ၁၄၃ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖာပွန်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့အကြားက တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ သြဂုတ်လအတွင်း၌ စစ်ကောင်စီ တပ်က လက်နက်ကြီးနှင့် ၉၆ ကြိမ် ပစ်ခတ်ခဲ့ပြီး၊ လေယာဉ် နှစ်စင်းနှင့် ဗုံးလေးလုံး ကြဲချခဲ့ခြင်းကြောင့်လည်း ဒေသခံတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ဩဂုတ်လတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲ စစ်ကောင်စီဘက်ကလည်း ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈၈ ဦး သေဆုံးခဲ့ပြီး ၅၇ ဦး ဒဏ်ရာရခဲ့ကာ KNLA ဘက်က ၅ ဦးသေဆုံးကာ ၂၆ ဦး ဒဏ်ရာရခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...