AA က ကျောက်တော်မြို့နယ်မှ ကျေးရွာအချို့တွင် တစ်ပတ်အတွင်း ဗုံးခိုကျင်းအပြီး တူးခိုင်းထား

AA က ကျောက်တော်မြို့နယ်မှ ကျေးရွာအချို့တွင် တစ်ပတ်အတွင်း ဗုံးခိုကျင်းအပြီး တူးခိုင်းထား

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)က ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဒေသခံပြည်သူများကို တစ်ပတ်အတွင်း ဗုံးခိုကျင်းအပြီးအစီး တူးခိုင်းထားသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ဗုံးခိုကျင်းတူးထားရန် အသိပေးခံထားရသည့် ကျေးရွာများမှာ ကျောက်တော်မြို့နယ်အတွင်းရှိ ချောင်းတူ၊ ရွက်မညှိုးတောင်၊ ခမောင်းတော၊ မီးရပ်ပြင်၊ ပန်းဖဲချောင်း၊ ဝါးတောင်၊ ကန်စောက်၊ အုံးပတီး၊ လမ်းပိုက်ခွင်၊ သံပြင်စသည့် ကျေးရွာများဖြစ်ကြသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိကျေးရွာအတွင်းရှိ ဒေသခံပြည်သူများကို တစ်ပတ်အတွင်းဗုံးခိုကျင်းအပြီးအစီးတူးထားရန် အသိပေးပြောလာခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ရွာမှာက ဗုံးခိုကျင်းတွေတူးခိုင်းထားတယ်။ အိမ်တိုင်း အိမ်တိုင်းကို တပ်တော်ရဲ့အုပ်ချုပ်ရေးမှူးက အသိပေး လိုက်ပြောတယ်။ တစ်ပတ်အတွင်းမပြီးဘူးဆိုရင် ဒဏ်ကြေးတွေပါတယ်လို့လည်း ပြောပါတယ်။ ဘယ်လို ဒဏ် ကြေးမျိုးလဲတော့ မသိဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများကို ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း AA ၏ နယ်မြေရုံးများသို့ ခေါ်ယူကာ ဗုံးခိုကျင်းတူးထားရန် အသိ ပေးပြောကြားခိုင်းခဲ့ခြင်း ဖြစ်သည်။

ကျောက်တော်မြို့နယ်မှ နောက်ထပ်ဒေသခံတစ်ဦးက “ဗုံးခိုကျင်း တူးခိုင်းတာကတော့ တိုက်ပွဲတွေ ဖြစ်လာရင် ကျောက်တော် အခြေစိုက် (၅၃၉) တပ်က လက်နက်ကြီးတွေပစ်တယ်။ အနီးအနားက ရွာတွေကိုလာကျတယ်။ ဒေသခံတွေထိခိုက်မှုမရှိအောင် လက်နက်ကြီးတွေပစ်တာနဲ့ ရွာထဲက အချက်ပြသံချောင်းခေါက်တာနဲ့ ဗုံးခိုကျင်း ထဲ ဝင်နေရမယ်လို့ ပြောပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဗုံးခိုကျင်းတူးထားရန် အသိပေးခံထားရသည့် ကျေးရွာများမှာ မိမိတို့အိမ်အောက်ရှိ လုံခြုံစိတ်ချရ သည်ဟု ထင်သော နေရာများတွင် ဗုံးခိုကျင်းများကို စတင်တူးနေကြပြီဖြစ်သည်။

ဒေသခံပြည်သူတစ်ဦးက “တူးတဲ့သူတွေက စတူးနေကြပါပြီ။ ဗုံးခိုကျင်းတူးခိုင်းတယ် ဆိုကတည်းက တစ်ခုခု အကြောင်းထူးလို့ တူးခိုင်းတာလေ။ အခြေအနေတွေက ဘယ်လိုတွေဖြစ်လာနိုင်မလဲဆိုတာ မပြောနိုင်ဘူး။ ဒါပေ မဲ့ ဗုံးခိုကျင်းတူးထားတော့ တစ်နည်းနည်းနဲ့ လုံခြုံစိတ်ချရတာပေါ့” ဟု ပြောသည်။

ကျောက်တော်မြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ကျောက်တော်အခြေစိုက် (၅၃၉)တပ်၊ ခမရ(၃၇၆)၊ စခက(၉) စသည့် တပ်ရင်းများက ဒေသခံပြည်သူများ ကူးသန်းသွားလာရေးကို ယခင်ကထက် ပို၍ စစ်ဆေးတင်းကျပ်မှု များ ပြုလုပ်လာနေသည် ဆိုကြသည်။

စစ်ကောင်စီက ထိုသို့ပြုလုပ်လာနေ၍ ကျောက်တော်မြို့နယ်တွင် နိုင်ငံရေးအခြေအနေများမှာ တည်ငြိမ်မလိုဖြင့် ဆိုးရွားလာနိုင်ခြေရှိသလို တိုက်ပွဲဖြစ်ပွားလာနိုင်ခြေ ရှိသည်ဟုလည်း ကျောက်တော်မြို့နယ်မှ နိုင်ငံရေးလေ့လာ သုံးသပ်သူများက သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါ ဗုံးခိုကျင်း တူးခိုင်းသည့် ကိစ္စနှင့် ပတ်သက်ပြီး တပ်တော်၏ ပြောခွင့်ရသူ ဦးခိုင်သုခအား ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်သဖြင့် AA ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။

ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့သည် နှစ်ဘက်နားလည်မှုဖြင့် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်း အပစ်အခတ်ရပ်စဲထားကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဘက်က အပစ်ရပ် သဘောတူညီချက်များကို ချိုးဖောက်ကာ ဒေသခံများအား စစ်ဆေးမှု တင်းကျပ်ခြင်း၊ ဒေသတွင်း စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေမှုများကို တင်းကျပ်စစ်ဆေးကာ ကန့်သတ်ထိန်းချုပ်ခြင်း၊ AA တပ်စခန်းများတည်ရှိသည့် နေရာများကို ဒရုန်းများဖြင့် ကင်းထောက်စုံစမ်းခြင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာများအတွင်း ဝင်ရောက်ကာ AA တပ်စခန်းများကို မေးမြန်းခြင်း စသည် တို့ကို လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...