နာဂ အဖွဲ့နှင့် ခွဲထွက်ရေး အဖွဲ့တို့ တိုက်ပွဲဖြစ်

နာဂ အဖွဲ့နှင့် ခွဲထွက်ရေး အဖွဲ့တို့ တိုက်ပွဲဖြစ်

နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့ နှင့် ခွဲထွက်ရေးအဖွဲ့ NSCN - အန်းမိုင်အဖွဲ့တို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခွဲထွက်အဖွဲ့ဘက်က ၃ ယောက် သေဆုံးသွားသည်။

စစ်ကိုင်းတိုင်း ဒေသအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေထဲက လဟယ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

နာဂလက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးက “အဖွဲ့သစ်က NSCN-အန်းမိုင် အဖွဲ့က စစ်သား ၂ ဦးသေတယ်။ အဲ့ သူတို့ အန်းမိုင်ရဲ့ ဗိုလ်ချုပ်ကတော့ အိမ်ပြန်တဲ့ လမ်းမှာ ဖမ်းမှာ အဲမှာပဲ သတ်လိုက်တယ်ပြောတယ်။ အဲမှာ ၃ ယောက်ကျတာပေါ့။ သူတို့က ကိုင်ဆန်လုံကျန်းမှာ စစ်ကြောင်းထိုးတဲ့ သဘောသွားတာပေါ့။ အန်မိုင်တို့က သွား တဲ့ချိန် ယုံးအောင်အဖွဲ့က သူတို့စခန်းကို သွားတိုက်တာ။ အခုတော့ ငြိမ်သွားပြီ။ လာတိုက်တာကတော့ ညမှာ လာတိုက်တယ်တဲ့ အတိအကျသတင်းရတာတော့” ဟု ပြောသည်။

နာဂလက်ကိုင်အဖွဲ့ဖြစ်တဲ့ NSCN-K  နှင့် ခွဲထွက်ရေးအဖွဲ့ NSCN-အန်းမိုင်အဖွဲ့တို့သည် စက်တင်ဘာလ ၇ ရက် နေ့တွင် လဟယ်မြို့နယ်၊ ကိုင်းဆန်လုံကျန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး NSCN- အန်းမိုင် အဖွဲ့ဘက်မှ သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းအရင်းကြောင့် တိုက်ပွဲဖြစ်ပွားရသည်ကိုမူ မသိရသေးပေ။

ဗိုလ်ချုပ်ကြီး အန်းမိုင်သည် ကွယ်လွန်သူ NSCN-K ဥက္ကဋ္ဌဟောင်း ကပ္ပလန် ၏ ကိုယ်ရေးအရာရှိ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး ရာထူးဖြင့် NSCN-K အဖွဲ့မှ ခွဲထွက်သွားခြင်း ဖြစ်သည်။

ဥက္ကဋ္ဌဟောင်း ကပ္ပလန် ကွယ်လွန်ပြီးနောက် ၂၀၁၇ ခုနှစ်တွင် ဒုဥက္ကဋ္ဌဖြစ်သူ ဦးခမ်းငေါ်မှာ NSCN-K ၏ ယာယီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ဦးယုံးအောင် အား ဥက္ကဋ္ဌ အသစ်အဖြစ် ရွေးကောက်တင် မြောက်ခဲ့ကြသည်။

ထိုနောက် ဦးယုံးအောင် ဦးဆောင်သည့် NSCN-K ၏ ဒုစစ်ဦးစီးချုပ် နီကီဆူမီသည် သဘောထားကွဲလွဲကာ ခွဲ ထွက်သွားပြီး အိန္ဒိယအစိုးရထံ အလင်းဝင်ကာ ငြိမ်ချမ်းရေး ယူသွားခဲ့သည်။

ဗိုလ်ချုပ်အန်းမိုင်သည် NSCN-K ယုံးအောင်၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ထပ်မံ သဘောထားကွဲ လွဲမှုများ ဖြစ်ပေါ် ခဲ့ပြီး NSCN- အန်းမိုင် အဖွဲ့အဖြစ် ခွဲထွက်သွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ NSCN - အန်းမိုင်အဖွဲ့သည် လဟယ်မြို့နယ်ဘက်တွင် အခြေချကာ လှုပ်ရှားနေသည့် နာဂလက်နက်ကိုင် ခွဲထွက် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့ နှင့် ခွဲထွက်ရေးအဖွဲ့ NSCN - အန်းမိုင်အဖွဲ့တို့ အကြား ယခုနှစ် ဇွန်လတွင်လည်း နှစ်ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ကြပြီး အဆိုပါ တိုက်ပွဲများထဲ၌လည်း ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...