ရခိုင်တွင် ၈ လအတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ၄၀ ထက်မနည်း တိုင်ကြားမှုရှိ

ရခိုင်တွင် ၈ လအတွင်း အိမ်တွင်းအကြမ်းဖက်ခံရမှု ၄၀ ထက်မနည်း တိုင်ကြားမှုရှိ
သရုပ်ဖော်ပုံ - Honest Information
သရုပ်ဖော်ပုံ - Honest Information

ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၄ ရက်နေ့အထိ အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့် ပတ်သက်ပြီး တိုင်ကြားလာသည့်အမှု ၄၀ ထက်မနည်းရှိကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့ အစည်းများထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်ပိုင်းအထိ ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ထံ တရားဝင် တိုင်ကြားလာ သည့် အမျိုးသမီး အိမ်တွင်းအကြမ်းဖက်ခံရမှု ၆ မှုရှိပြီး ရသေ့တောင်မှ ၃ မှု၊ စစ်တွေမှ ၂ မှုနှင့် ဘူးသီးတောင်မှ ၁ မှုတို့ ဖြစ်ကြသည်။ ဆွေးနွေးတိုင်ပင်လာသည့် အမှုမှာ ၁၅ မှုခန့်ရှိကြောင်း သိရသည်။

ရခိုင်ရှေ့ဆောင် အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ စောစံငြိမ်းသူက “ရခိုင်မှာ အမျိုးသမီး အိမ်တွင်းအကြမ်းဖက်ခံရမှုက တစ်နှစ်ထက် တစ်နှစ် လျော့ကျလာတာ မရှိဘူး” ဟု ပြောသည်။

တိုင်ကြားလာသည့် အမှုများထဲတွင် အများအားဖြင့် ဆဲဆိုကြိမ်းမောင်းခြင်း၊ ဒဏ်ရာရသည်အထိ ရိုက်နှက်ခြင်း နှင့် အချို့အမှုများမှာ ရိုက်နှက်ခံရ၍ အသက်မသေရုံဖြစ်ခဲ့ရသည့် အမှုများလည်းပါဝင်ကြောင်း ၎င်းက ဆက် ပြောသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာ ၄ ရက်နေ့အထိ စစ်တွေမြို့နယ်မှ အမျိုးသမီး အိမ်တွင်းအကြမ်းဖက်ခံရမှု ၁၇ မှုကို ရခိုင်အမျိုးသမီးများအဖွဲ့ချုပ် စစ်တွေ(ဗဟိုဌာန)ထံ တိုင်ကြားလာကြောင်း သိရသည်။

ရခိုင်အမျိုးသမီးများအဖွဲ့ချုပ် စစ်တွေ(ဗဟိုဌာန)မှ သဘာပတိ စောမပုစိန်က “အခု ကျမတို့ဆီကိုရောက်နေတဲ့ အမှုတွေထဲမှာ အဓိက လင်ယောက်ျားတွေက အငယ်နှောင်းထားတယ်။ အိမ်က မိန်းမကို ငွေဖူလုံအောင်မပေးဘဲ အပြင်မှာ ပျော်ပါးတယ်။ ကိုယ်နဲ့ရတဲ့ ကိုယ်ဝန်ကို တာဝန်မယူဘဲ ပစ်ထားတာ တွေ အများကြီးပါတယ်” ဟု ပြော သည်။

အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်ရခြင်းမှာ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အရက်သေစာ သောက်စားခြင်း၊ စီးပွားရေး ကျပ်တည်းခြင်းတို့ကြောင့်ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသူများက မှတ်ချက်ပြုကြသည်။

၂၀၂၂ ခုနှစ်က စစ်တွေမြို့နယ်အတွင်း အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုကို တိုင်ကြားလာသည့် အမှု ၃၇ မှု ရှိခဲ့ကြောင်း ရခိုင်အမျိုးသမီးများအဖွဲ့ချုပ် စစ်တွေ(ဗဟိုဌာန)၏ စာရင်းအရ သိရသည်။

ရခိုင်တွင် အမျိုးသမီး အိမ်တွင်းအကြမ်းဖက်ခံရမှုများကို တိုင်ကြားရာတွင် ခြိမ်းခြောက်ခံရခြင်း၊ ဗဟုသုတ အားနည်းခြင်းတို့ကြောင့် တိုင်ကြားမှုအားနည်းနေဆဲ ဖြစ်သည်ဟု အမျိုးသမီးရေး ဆောင်ရွက်နေသူများက ပြောသည်။

“အကြမ်းဖက်ခံရမှု သုံးရာဖြစ်ရင် အဲဒီအထဲက အမှုသုံးဆယ်လောက်ပဲ တိုင်ကြားကြတယ်” ဟု စောမပုစိန်က ပြောသည်။

၎င်းက ဆက်လက်ပြီး “အများအားဖြင့် အမျိုးသမီးတွေက ကြိတ်ပြီး သည်းခံကြတယ်။ တိုင်ကြားလိုက်လို့ ယောကျ်ားဖြစ်သူနဲ့ ကွဲကွာလိုက်ရရင် ဘာလုပ်ကိုင်ပြီး စားသောက်မလဲဆိုတာတွေကို တွေးပူကြတယ်။ အား ငယ်စိတ်တွေ ရှိကြတာကြောင့် တိုင်ကြားမှုနည်းကြတယ်” ဟု ပြောသည်။

အမျိုးသမီးများအနေဖြင့် အိမ်တွင်းအကြမ်းဖက်ခံရပါက ညစ်ညမ်းသောစကားဖြင့် ဆဲဆိုခြင်း ပုဒ်မ - ၂၉၄၊ အမျိုးသမီးတစ်ဦး၏ ကာယိန္ဒြေပျက်စီးစေရန်အကြံဖြင့် လက်ရောက်မှု (သို့မဟုတ်) ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှု ပုဒ်မ - ၃၅၄၊ သာမာန်နာကျင်စေမှု ပုဒ်မ - ၃၂၃၊ အမျိုးသမီးတစ်ဦးဦးကိုအလိုမတူဘဲ ကာမစပ်ယှက်မှု ပုဒ်မ - ၃၇၆ စသည့် အကြမ်းဖက်ခံရသည့် ပုံစံအလိုက် ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုနိုင်ကြောင်း ပြန်ဌာန်းထားသည်။

စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်မှ အိမ်ထောင်သည်အမျိုးသမီး ဒေါ်မေရှင်းက “အိမ်တွင်း အကြမ်းဖက်ခံရရင် အမျိုးသမီးတွေအနေနဲ့ အားငယ်နေစရာ မလိုဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ကိုယ့်ဘဝ ပြန်လည်ရပ်တည်ဖို့ လုပ်ဆောင်သင့်တယ်။ စိတ်ဒဏ်ရာတွေနဲ့ အမြဲတမ်း ကိန်းအောင်မနေသင့်ဘူး” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်ခံရမှုမှာ တိုင်ကြားမှု အားနည်းနေသည့်အတွက် အာဏာပိုင်များနှင့် အဖွဲ့အစည်းများအနေဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသမီးအရေးဆောင်ရွက်နေသူများက တိုက်တွန်းပြောဆိုကြသည်။

သရုပ်ဖော်ပုံ - Honest Informatio

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...