စစ်ကောင်စီတပ်များ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသွင်ဆောင်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေ

စစ်ကောင်စီတပ်များ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အသွင်ဆောင်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အသွင်ဆောင်ပြီး စစ်ဆေးရေးဂိတ်များချကာ ဖြတ်သန်း သွားလာသူများထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

သရက်ချောင်းမြို့နယ်ရှိ အောက်သရက်ချောင်းကျေးရွာအပါအဝင် ၎င်းအနီးရှိ ကျေးရွာများဘက်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၅ရက်နေ့မှ စတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အသွင်ဆောင်ကာ လမ်းပိုင်း အတွင်း ငွေညှစ်တောင်းခံမှုများ လုပ်ဆောင်လျက်ရှိကြောင်း ကိုယ်တိုင်ကြုံတွေ့သူ ဒေသခံတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ကျမရဲ့အမေလည်း အဲ့ဒီတောလမ်းမှာ ဖမ်းခံထိတယ်။ ပြောတော့ PDF ဖမ်းတာဆိုပြီး။ သိန်း ၃၀၀ ကနေ တောင်းတာ။ အခု သိန်း ၁၅၀ ထိ ဖြစ်သွားတယ်။ အစ်မက သိန်း ၅၀ ပြောတာတောင် မရဘူးတဲ့။ သူတို့က ငွေညှစ်တာလွန်တယ်။ PDFက အခုလိုတောင်းတာ တစ်ခါမှ မကြားဖူးဘူး။ အဲ့ဒါကြောင့် ပိုပြီးတော့ စိတ်ပူ ရတယ်။ ကားသမား ၂ ယောက်ပဲ လွတ်လာသေးတယ် အခုထိ။ သူတို့က ဂိတ်တွေ ချပြီးတော့ သွားတဲ့လူတိုင်းကို ကြိုက်သလို တောင်းနေကြတာ” ဟု ဒေသခံတစ်ဦးက ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ငွေညှစ်တောင်းခံမှုများကို ပြုလုပ်နေသည့်အပြင် သရက်ချောင်းမြို့နယ် ရဲစခန်းအရှေ့တွင်လည်း စစ်ဆေးရေးဂိတ်ချကာ နံနက် ၆ နာရီမှ စတင်ကာ ဖြတ်သန်း သွားလာသည့် ယာဉ် များထံမှ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေသောကြောင့် အချိန်နှောင့်နှေး ကြန့်ကြာမှုများအပြင် သွားလာရေး အခက်အခဲများနှင့် မကြာခဏ ကြုံတွေ့နေရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီမှ စစ်ဆေးရေး ဂိတ်ချကာ ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်မှုများနှင့် ပတ်သက်ပြီး အသွား အလာဂရုစိုက်ကြရန်နှင့် စစ်တပ်နှင့် သက်ဆိုင်သည့် နေရာများနှင့် ဝေးသောနေရာများတွင် နေထိုင်ကြရန် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ယခုကဲ့သို့ သတိပေးပြောဆိုသည်။

“အခုချိန်မှာ စစ်တပ်က PDF ပုံစံလုပ်ပြီး ငွေတောင်းတာတွေလုပ်နေတာက နေရာတိုင်းမှာရှိနေတယ်။ အဲ့ဒါ ကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့။ သွားလာရေးဂရုစိုက်ကြဖို့ အသိပေးလိုပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းဖြစ်စဉ်နှင့် အလားတူ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ပုလောမြို့နယ်ရှိ တံတားဂိတ်နှင့် စစ်ဆေးရေး ဂိတ်များတွင်လည်း ပြီးခဲ့သည့် မေလ ၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ အသွင်ဆောင်ကာ အရပ်ဝတ်များဖြင့် အသွင်ယူစစ်ဆေးတင်းကြပ်မှုများ အပြင် ငွေညှစ်တောင်းခံမှု များကိုပါ ယနေ့ချိန်ထိ ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင် ကြုံတွေ့ခဲ့သူ ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...