စက်သုံးဆီ ပြတ်လပ်မှုကြောင့် လက်ကိုင်ဖုန်းများ နေ့ခင်းသာ အသုံးပြုနိုင်

စက်သုံးဆီ ပြတ်လပ်မှုကြောင့် လက်ကိုင်ဖုန်းများ နေ့ခင်းသာ အသုံးပြုနိုင်

ခန္တီးမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ATOM ဖုန်းလိုင်းကို နေ့ပိုင်းသာ ဖွင့်ပေးသည်ဟု ဒေသခံများနှင့် ATOM ဖုန်းအော်ပရေတာနှင့် နီးစပ်သူက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့တွင် စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးတက်နေမှုတို့ကြောင့် ATOM ဖုန်းလိုင်းနှင့် အင်တာနက် လိုင်းများကို နေ့ဘက်တွင်သာ ဖွင့်ပေးပြီး ညဘက်တွင် လိုင်းပိတ်ထားရကြောင်း အဆိုပါ ဖုန်းလိုင်း အော်ပရေ တာနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ATOM ဖုန်းအော်ပရေတာနှင့် နီးစပ်သူ တစ်ဦးက “အခု ခန္တီးတောင် ဆီရှာလို့ မတွေ့ဘူးတဲ့။ မနေ့က ဆီက အတော် လေး ခက်ခဲတယ်။ ATOM က တောင်မှ ဓာတ်ဆီ ရှာလို့မတွေ့လို့ တာဝါတိုင်တောင် ဆက်ပိတ်ရမလို ဖြစ်နေပြီ။ လောင်စာဆီ ပြတ်နေလို့ ဖုန်းလိုင်းတွေ ခဏ ပျက်မယ်ဆိုပြီးတော့ ATOM က ပြောခဲ့တာ” ဟု ပြောသည်။

ATOM ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရသည့်အပေါ် ခန္တီးဒေသခံတစ်ဦးကပြောတာက “ခန္တီးမှာ အင်တာ နက်ရတာ ATOM ပဲရတာ။ လိုင်းဖြတ်နေတာ ၂ ရက်ရှိပြီး ည ၁၁ နာရီဆို ဖြတ်ပြီ။ မနေ့ညဆို ညနေ ၆ နာရီမှာ ဖုန်းလိုင်း ပြန်ဖွင့်ပေးတယ်။ တခြားကဒ်တွေက နေ့ဘက်လိုင်း စုတ်နေရင်တော့ ညဆို ရှယ်ကောင်း ATOM က ပြောင်းပြန် ညဘက်ဆို လှိုင်းကောင်းလေ့ မရှိဘူး” ဟု ပြောသည်။

ထို့အပြင် ခန္တီးမြို့တွင် မီးပေးနေသည့် EPC လျှပ်စစ်ရုံးသည်လည်း စက်သုံးဆီ မရှိ၍ ပိတ်ထားရသည်ဟု ခန္တီး ဒေသခံများက ပြောသည်။

ခန္တီးဒေသခံ တစ်ဦးက “ဒီနေ့တောင်မှ ခန္တီးစက်ရုံကြီးက ဆီမရှိလို့ ပိတ်ထားပြီ။ အခုချက်ချင်းပဲ လတ်တလော အခြေအနေပဲ EPC ကလေ၊ ခါတိုင်းဆိုရင်က မနက်ပိုင်းက ၇ နာရီကနေ နေ့လည် ၁၂ နာရီအထိလေ၊ ညနေကျ တော့ ၂ နာရီကနေ ၄ နာရီ ပြီးတာနဲ့ ည ၆ နာရီ ကနေ ၁၁ နာရီ အထိရတာ။ အခုက မနက် ၇ နာရီကနေ ၁၀ နာရီ အထိဘဲ ရတော့တယ်။ လုံးဝပျက်သွားပြီး လောင်စာဆီ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။

ခန္တီးမြို့နယ်သည် မုံရွာဘက်မှ ကုန်ပစ္စည်းများအား ချင်းတွင်းမြစ်ကြောင်းအတိုင်း အမြန်ရေယာဉ်များဖြင့် သယ် ယူရခြင်းဖြစ်ပြီး ၎င်းလမ်းအား ဇွန်လိုင်လကတည်းက ပိတ်ထားသည်။

အဆိုပါ မြစ်ကြောင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်၊ ရှမ်းနီတပ်မတော် SNA နှင့် ဒေသတွင်းရှိ PDF တပ်တို့က ပိတ်ထားခြင်းကြောင့် ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသည့်အပြင် ယခုလတွင် ဆီပါပြတ်သွားရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ခန္တီးဒေသခံက “ခန္တီးကျတော့ စက်လှေ လမ်းကြောင်းပေါ့နော်။ စက်လှေ လမ်းကြောင်းပိတ်ထားတော့ ခရမ်းချဉ်သီးတို့ ကြက်သွန်ဖြူတို့ အနီတို့တောင် လေယာဉ်နဲ့ တင်နေကြတာ ဆိုတော့ ဈေးတွေက တောက် လျှောက်တက်တာ။ ဟုမ္မလင်း အောက်ပိုင်းကို လမ်းပိတ်ထားတာ အမြန်ယာဉ်တွေလေ PDF ကကော စစ်တပ်က ကော အခွန်အကောက်များတော့ ဂိတ်က ၁၀ ဂိတ်ကျော်တယ်လို့ ပြောတယ်။ ကလေးမြို့ကနေ ခန္တီးကြား ၁၃ ဂိတ်ရှိတယ်” ဟု ပြောသည်။

ခန္တီးမြို့တွင် စက်သုံးဆီအပြင် အခြေခံစားသောက်ကုန်များလည်း ပြတ်လပ်နေပြီး ဆန်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀၊ ကြက်ဥ တစ်လုံးကို ကျပ် ၁၀၀၀၊ ဓာတ်ဆီ တစ်လီတာအား ကျပ် ၇၅၀၀၊ စားသုံးဆီ တစ်လီတာကို ကျပ် ၁၃၀၀၀ အထိ စျေးရှိနေသည်ဟု ဆိုကြသည်။

“အခုကြက်ဥက ခန္တီးမှာ မရှိဘူး။ ရောင်းတဲ့သူက တစ်လုံး တစ်ထောင်ရောင်းတယ်။ ဒါပေမယ့် သွားဝယ် စားရင် မရှိဘူး။ ခရမ်းချဉ်သီးက ရောင်းတဲ့သူကို မရှိတော့တာ။ ကြက်သွန်နီက ကျနော်တို့ မဝယ်စားတာ ကြာပြီး ကော။ ဈေးနှုန်းတောင် မသိတော့ဘူး။ တချို့ ဆိုင်သေးသေးလေးပေါ့နော် ပိတ်လိုက်ကြပြီလေ။ ဆိုင်အကြီး ကြီးတွေပဲ ကျန်တယ်” ဟု ခန္တီးဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

ခန္တီးမြို့အတွင်းရှိ အခြေခံစားသောက်ကုန်များ ပြတ်လပ်လာသောကြောင့် ကုန်စုံဆိုင်ငယ်များပါ ပိတ်ထားရသည် ဟု ဒေသခံများက ပြောသည်။

ခန္တီးမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်နှင့် သီတဂူဆရာတော်တို့ လာရောက်ခဲ့သေးသည်။ ထို့အပြင် ခန္တီးမြို့သည် စစ်ကောင်စီတပ်နှင့် ပူးပေါင်းထားသည့် ရှမ်းနီတပ် SNA တို့ အဓိက လှုပ်ရှားသည့် ဒေသလည်း ဖြစ်သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...