ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ စားစရာပို့ခွင့် စစ်ကောင်စီထပ်မံတင်းကျပ်

ကျိုက်မရောထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ စားစရာပို့ခွင့် စစ်ကောင်စီထပ်မံတင်းကျပ်

မွန်ပြည်နယ်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေထံ မိသားစုဝင်တွေရဲ့ စားစရာ တွေနဲ့ ပါဆယ်ပစ္စည်းပို့ဆောင်ခွင့်ကို စစ်ကောင်စီဘက်က ကန့်သတ်တာတွေ လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ တခြားပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ ပါဆယ်ပစ္စည်း ပို့ပါက အပြည့်အဝလက်ခံပေမယ့် နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကိုတော့ ပါဆယ် ပစ္စည်း ပို့ဆောင်ခွင့်ကို ကန့်သတ်လာတာ ဖြစ်ပါတယ်။

နိုင်ငံအကျဉ်းသားတွေထံ ပါဆယ်ပစ္စည်ပို့ဆောင်ခွင့်ကို အရင်ကတစ်ပတ်နှစ်ကြိမ် ပို့ခွင့်ပေးအပ်ခဲ့ပေမယ့် အခု အခါမှာတော့ တစ်ပတ်လျှင်တစ်ကြိမ်၊ ပါဆယ်ပစ္စည်းပို့ရာမှာလည်း ခေါက်ဆွဲခြောက် ၅ ထုပ်၊ ကော်ဖီမစ် အထုပ် သေး ၇ ထုပ်၊ အသားဟင်းတွေကိုလည်း ၅၀ သားအောက်သာ ပို့ဖို့ စည်းကမ်းချက် ထုတ်ပြန်ထားတာပါ။

နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့နီးစပ်သူတစ်ဦးက “အရင်တုန်းက ထက်ကို ကျပ်တည်းမှုတွေ လုပ်လာတာပေါ့။ ပါဆယ်ပို့ရင် လူတစ်ယောက်ကို အရင်တုန်းက ဆို ရင် နှစ်ထုပ်လောက်ပို့လို့ရတယ်။ တစ်ပတ်မှာ နှစ်ခါပို့လို့ ရ တယ်။ သူတို့စည်းကမ်း သတ်မှတ်ချက်အရပေါ့။ အခုက လူတစ်ယောက်ကို တစ်ပတ်ကို တစ်ကြိမ်ပဲ ပို့လို့ရ တယ်။ ပြီးသွားရင် ပစ္စည်းကိုလည်း အရင်တုန်းက ဆိုရင် ကြိုက်သလောက် ဖွင့်ထားပေးတယ်။ အခုက ကော်ဖီ မစ်ဆို တစ်ခွက်စာ အထုပ်သေး (၇)ထုပ်၊ ခေါက်ဆွဲ ခြောက်ဆိုရင် (၅)ထုပ်ပဲ ခွင့်ပြုတယ်။ အသားဟင်း၊ ငါးဟင်း ဆိုလည်း (၅၀)သားအောက်ပဲရတယ်။”

အကန့်အသတ်နဲ့ ပါဆယ်ပစ္စည်း ပို့ရာမှာလည်း စစ်ဆေးမှုတွေ ပိုမိုတင်းကျပ်ထားပြီး မှတ်ပုံတင်၊ သန်းခေါင် စာရင်း မိတ္တူကအစ ပြသပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့နီးစပ်သူက ဆက်ပြောပါတယ်။

“ပြီးတော့ပါဆယ်လာပို့တဲ့သူတွေလည်း အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင် ပြရတယ်။ လက်မှတ်က နှစ်ကြိမ် ထိုး ရတယ်။ တခြားအမှုတွေက နိုင်ငံရေးသမားတွေလောက် စည်း ကမ်းသတ်မှတ်ချက် သိပ်မရှိဘူး။ တန်းစီစရာမလို ဘူး။ သူတို့အထုပ်ကို တစ်ခါတည်း အိမ်ပြောင်းသ လိုပဲပေါ့။ ဖွင့်ထားပေးတယ်။ ဘာမှအစစ်အဆေး မရှိဘူး။ အမှုပုဒ်မပြောလိုက်ရင် သူတို့မှာ နားလည်မှု လုပ်ထားတယ်။ သူတို့ကျတော့ လွတ်လပ်ခွင့် အကုန်ပေးတယ်” လို့ ဆက် ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပေးပို့လာတဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်း တွေကိုလည်း အပြည့်အဝပေးခြင်း မရှိဘဲ ထောင်ဝန်ထမ်းတွေက လိုသလောက်ယူထားကာ ထောင်အတွင်းရှိ  သက်သာဆိုင်တွေမှာ ပြန်လည်ရောင်းချတာတွေ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင် တွေနဲ့ တွေ့ခွင့်မပေးဘဲ အဆက်အသွယ် ဖြတ်တောက်တာ၊ နည်းအမျိုးမျိုးနဲ့ ငွေကြေး လိမ်လည် တောင်းခံတာ တွေ ကျူးလွန်နေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုကြပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက “သူက အခုသူနိုင်စရာက တခြားဟာတွေ သိပ်မရှိတော့ သူ့လက်ထဲမှာ ရှိတဲ့ သူကိုပဲအနိုင်ကျင့်တယ်။ ဒီရည်ရွယ်ချက်ပေါ့။ ကျွန်တော်တို့ မြင်တာတော့ နိုင်ငံရေးအကျဉ်းသားတွေကိုနိုင် လို့ ရတယ်ပေါ့။ မင်းတို့လူတွေ ငါ့လက်ထဲမှာရှိတယ်။ မင်းတို့လူတွေကို နိုင်နေသေးတယ်ဆိုတဲ့ ပေါ်လစီနဲ့ လုပ်နေတာပေါ့။ လူ့အခွင့်အရေးချိုးဖောက်တယ်။ သူတို့ထောင်ရဲ့စည်းကမ်းအရ အကျဉ်းသားအခွင့်အရေးဆိုတဲ့ ဟာတွေ သူတို့ထောင်ထဲမှာရေးထားတဲ့ စည်းကမ်းချက်တွေရှိတယ်။ အဲဒီစည်းကမ်းချက်တွေကိုပါ ချိုးဖောက် တာ၊ လူ့အခွင့်အရေးရော ချိုးဖောက်တယ်၊ ထောင်တွင်းစည်းကမ်းချက်တွေကိုလည်း သူတို့သဘောနဲ့ သူတို့ချိုး ဖောက်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံရေး အကျဉ်းသားတွေကို သက်သက်မဲ့ အနိုင်ကျင့် ဖိနှိပ်မှုဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ထောင်တွင်းစည်းကမ်းချက်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ နိုင်ငံရေး အကျဉ်းသားဟောင်းများက ဝေဖန်ပါတယ်။

စစ်ကောင်စီ လက်ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာ တခြားပြစ်မှုကျူလွန်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေထက် ထောင်တွင်းဖိနှိပ်မှုမျိုးစုံ ပြုလုပ်ခံနေရသလို ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ တောင်း ဆိုပါကလည်း တိုက်ပိတ်တာတွေ၊ ထောင်ပြောင်းရွေ့ခံရတာတွေ ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တစ်ခါတစ်ရံ ညဘက်တွေမှာ အင်အား အလုံးအရင်းနဲ့ လာရောက်ခေါ်ဆောင်တာတွေရှိပြီး ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေး အကျဉ်း သားတွေဟာ မိသားစု ဝင်တွေနဲ့ လုံးဝအဆက်အသွယ် ပြတ်တောက်သွားတာတွေရှိတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မပေးတော့ သလို နည်းအမျိုးမျိုးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ စိတ်အနှောက်အယှက် ပေးတာတွေကိုလည်း မကြာ ခဏဆိုသလို လုပ်ဆောင်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အများဆုံးထားရှိပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ ၃၀၀ နီးပါး ရှိတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ-Social Media

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...